ကျောင်းသားများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး မိဘဆရာပူးပေါင်း လုပ်ဆောင်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

0
814
ဓာတ်ပုံ - ဝေယံစိုး

ကျောင်းသာ၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေးကို ကျောင်းအုပ်၊ ဆရာဆရာမများနှင့် မိဘ၊ အုပ်ထိန်းသူတို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးတွင် မိဘ၊ ဆရာများ သိရှိလိုက်နာရန် မေတ္တာရပ် ခံချက်တွင် ပညာရေးဝန်ကြီးဌာနမှ ညွှန် ကြားချက်အသစ်ဖြင့် ထည့်သွင်းဖော်ပြခဲ့ ခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရန် မိဘ၊ ဆရာများ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ပညာရေးဝန်ကြီးဌာနမှ အတိအကျ ညွှန်ကြားလာခြင်းမျိုး မရှိသေးသော်လည်း ဖုန်းနှင့် ဂိမ်းကစားခြင်းတို့၏ ကောင်းကျိုး ဆိုးကျိုးများ မိဘ၊ ဆရာများ ပူးပေါင်းကာ ကျောင်းဖွင့်ကာလအတွင်း ကျောင်းသူ၊ ကျောင်းသားများကို အသိပညာပေးဟော ပြောခြင်းများ လုပ်ဆောင်သွားမည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ယင်းကိစ္စ နှင့်ပက်သက်၍ မည်သို့ဆောင်ရွက်ရမည် ကို ညွှန်ကြားလာပါက ညွှန်ကြားချက် အတိုင်း ထပ်မံလုပ်ဆောင်သွားမည်ဟု တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

ဖုန်းအသုံးပြုခြင်း၊ ဖုန်းဖြင့် ဂိမ်းကစား ခြင်း၊ ဂိမ်းဆိုင်များတွင် အချိန်ကုန်ကာ အလွန်အကြူးဂိမ်းကစားခြင်းတို့ကြောင့် ပညာသင်ကြားရေး၊ စာပေလေ့လာဆည်းပူး ရေး၊ ကျန်းမာရေးများ ထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ဖုန်းလုံးဝ ယူမလာရန် တားမြစ်ပါက အကြောင်းတစ်စုံတစ်ရာပေါ်လာပါက အရေးပေါ်ဖုန်းခေါ်ဆိုရန် လိုအပ်သည့် အတွက် အကျိုးရှိစွာ အသုံးပြုကြစေရန်ကို ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေး အကြံပြုတိုက်တွန်းခြင်း၊ အသိပညာပေး ခြင်းများ ကိုသာ လုပ်ဆောင်သွားမည်ဟု ဦးဝင်းနောင်က ဆိုသည်။

မိုးမြင့်