ကော့သောင်းရေပေးဝေရေး စီမံကိန်းဧရိယာအတွင်းရှိ တောင်သူများအားထိုက်သင့်လျော်ကြေးပေးစေလို

0
1020
ရေပေးဝေရေးစီမံကိန်းဧရိယာအတွင်းကျရောက်နေသည့် ဥယျာဉ်ခြံ

ကော့သောင်းမြို့ ၁၄ မိုင်ရွာတွင် တည်ဆောက်မည့် ရေပေးဝေရေးစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် ဒေသခံ တောင်သူများက ၎င်းတို့ စိုက်ပျိုးထားသည့် အပင်များအတွက် ထိုက်သင့်သည့် လျော်ကြေး ပေးစေလိုကြောင်း ပြောကြသည်။

စီမံကိန်းဧရိယာအတွင်း ဒေသခံတောင်သူ ၁၅ ဦး၏ ရော်ဘာ၊ ကွမ်းနှင့် အခြားစိုက် ပျိုးပင်များ ပါဝင်သည့် ဥယျာဉ်ခြံ ဧက ၇၀ ကျော်ပါဝင်နေကြောင်း တောင်သူတို့ က ပြောကြသည်။

သောက်သုံးရေ လိုအပ်ချက်ရှိနေ သည့် ကော့သောင်းမြို့နှင့် ရွာအချို့ကို သောက်သုံးရေ ဖြန့်ဝေရန် ရည်ရွယ်တည် ဆောက်မည် ဖြစ်သည့်အတွက် စီမံကိန်းကို ကန့်ကွက်ခြင်းမဟုတ်ဘဲ နှစ်ချီ ရင်းနှီး စိုက်ပျိုးထားသည့် အပင်များ ဆုံးရှုံးရမှု အတွက်လျော်ကြေးရလိုခြင်းသာဖြစ်ကြောင်း ၎င်းတို့က ပြောကြသည်။

“လုပ်ပါ။ မကန့်ကွက်ပါဘူး။ ဒါပေမယ့် စိုက်ပျိုးထားတဲ့အပင်တွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးတော့ လိုချင်တယ်”ဟု စီမံကိန်းဧရိယာအတွင်းကျရောက်နေသည့် တောင်သူတစ်ဦးဖြစ်သူ ကိုဝင်း သိန်းထွန်းက ပြောသည်။

ယင်းရေပေးဝေရေး စီမံကိန်းပြုလုပ် ရန်အတွက် ၁၄ မိုင်ရွာချောင်ရိုးအထက် ဘက်ရှိ ပါချန်ကြိုးဝိုင်းသစ်တောမြေဧက ၁၉၈ ဒသမ ၉၀ ဧကကို Good Water(Kawthung)ကုမ္ပဏီက ငှားရမ်းလုပ် ကိုင်ခွင့် ရရှိထားသည်။

ငှာရမ်းလုပ်ကိုင်ခွင့်ပြုသူမှာ ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး တစ်နှစ်လျှင် ကျပ် ၁၉၈ ဒသမ ၉ သိန်း( တစ်ဧကလျှင် ၁ နှစ် ၁ သိန်းနှုန်း)ဖြင့် ယခုနှစ် ဇန်န၀ါရီလမှစ ၅ နှစ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားသည်။

လက်ရှိတွင် လုပ်နိုင်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်မည့် ပွင့်လင်းရာသီတွင် စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ပြီး ယင်းနေရာတွင် စိုက်ပျိုးထားသူများ မဖယ်ပေးပါက ဥပဒေ အတိုင်းသာ ဆောင်ရွက်သွားမည်ဟု Good Water (Kawthung) ကုမ္ပဏီ၏ ဒါရိုက်တာ ဦးလှဦးက ပြောသည်။

ကော့သောင်းမြို့၏ စံနှုန်းမီသောက် သုံးရေလိုအပ်ချက်ကို ဖြည့်ပေးနိုင်ရန် ယင်းနေရာတွင် ၂၀၁၃ ခုနှစ်ကတည်းက ကွင်းဆင်းလေ့လာမှု ပြုထားပြီး တောင်သူများက ရေပေးဝေရေးအတွက် ကွင်းဆင်းထား သည်ကို သိလျက်အတင်းဝင်ရောက် ကျူးကျော်စိုက်ပျိုးခြင်းသာဖြစ်ကြောင်း ဦးလှဦးက ပြောသည်။

“ဒီလုပ်ငန်း တစ်စုံတစ်ခုကြောင့် ပျက်သွားရင် ပါဝင်ပတ်သက်သူတွေ သမိုင်းတရားခံ ဖြစ်သွားလိမ့်မယ် အားလုံး၊ ကျွန်တော်တို့ကတော့ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်းပဲ သွားပါမယ်၊ မတတ်နိုင်ဘူး”ဟု ဦးလှဦးက ပြောသည်။

တောင်သူများကမူ ယင်းနေရာများ တွင် ၂၀၀၃ ခုနှစ်ခန့်မှစ ၀င်ရောက်စိုက်ပျိုး ခဲ့ကြပြီး တောမီးလောင်မှုကြောင့် စိုက်ပျိုး မှုအချို့ ပျက်စီးသွားကာ မီးမလောင်ဘဲ ကျန်ခဲ့သည့် သက်သေ စိုက်ပျိုးပင်ကြီး များအား ယခုထိတိုင် သက်သေပြနိုင်ဆဲ ဖြစ်ကြောင်း ပြောကြသည်။

ကြားနှစ်များတွင် ဆီအုန်းကုမ္ပဏီ တစ်ခုက လာရောက်မြေနေရာသတ်မှတ်မှု ကြောင့် စိုက်ပျိုးမှု ရပ်ထားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပြန် လည်ဝင်ရောက် စိုက်ပျိုးခဲ့ကြပြီး ယခု အချိန်တွင် ကွမ်းပင်အချို့ အသီးများပင် သီးနေကြပြီဟု ဆိုကြသည်။

မြေယာစိုက်ပျိုးခွင့် အထောက်အထား များရရှိရေးအတွက် ၂၀၁၃ ခုနှစ်တွင် သစ်တောဦးစီးဌာန၀န်ထမ်းတစ်ဦးက အခကြေးငွေ (တစ်ဦးလျှင် ၅ သောင်းကျော်) ရယူ လုပ်ကိုင်ပေးခဲ့ကြောင်း ပြောကြသည်။

အကျိုးဆောင်ပေးသည့်သစ်တောဝန်ထမ်းမှာ ရွာသို့ မလာတော့သဖြင့် စိုက် ပျိုးမြေငှားရမ်းခွင့်လျှောက်ထားမှု လက်ခံ လျှောက်လွှာများ၊ ခြံတည်နေရာမြေပုံများ ၎င်းင်းတို့လက်ဝယ် ကိုင်ထားကြသည်ဟု ယင်းတောင်သူတို့က ပြောကြသည်။

“လျော်ကြေးရဖို့ တာဝန်ရှိသူတွေ အကုန်လုံးက ညှိနှိုင်းပေးစေချင်တယ်”ဟု တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် တောင်သူများကို ဇွန်လ ၁၃ ရက်နောက်ဆုံးထား၍ လူရှိလျှင် ထွက်ခွာပေးရန်၊ ပစ္စည်းများ သိမ်းဆည်း သွားကြရန် ကုမ္ပဏီဘက်မှ ပြောဆိုထားသည်။

Dawei Watch