သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီဘဲ ရထားသည့် ပုံစံ ၁၀၅ များ ပြန်သိမ်းမည်ဟု ခရိုင်အုပ်ချုပ်ရေး မှူးပြော

0
509

ကော့သောင်းမြို့နယ်တွင် ဖြစ်ပွား နေသည့် မြေယာပြဿနာများနှင့်ပတ်သက် ၍ ရှင်းလင်းသည့်အခါ မြေပိုင်ရှင်ဆိုသူများ ထံတွင် ရှိနေသည့် ပုံစံ ၁၀၅ များသည် သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီဘဲ ရရှိထားခြင်းဖြစ်ပါ ပုံစံကိုရော မြေကို ပါ သက်ဆိုင်ရာ မူလပိုင်ရှင်ထံ ပြန်အပ်ရမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်အုပ် ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။

စစ်ဆေး၍ အထောက်အထား မပြ နိုင်ပါက သစ်တောပိုင်မြေဖြစ်က သစ်တော ဌာန၊ နိုင်ငံပိုင်မြေဖြစ်ပါက နိုင်ငံတော် မြေအဖြစ် ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ရွှေပြည်သာရပ်ကွက်၊ ဘ၀ကျွန်း ယခင် အမှိုက်ပုံနေရာတွင် အိမ်ရာမြေကွက် များ ဖော်ဆောင်ထားပြီး တစ်ချို့မှာ အထောက်အထား တောင်းကြည့်သော်လည်း မပြနိုင် မဖြေနိုင်သည်ကို စစ်ဆေး တွေ့ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“တစ်ချို့ဆို ဘေးပတ်ဝန်းကျင် ဘယ်သူရှိမှန်း မသိဘူး၊ မြေယာကော်မတီရဲ့ မှတ်ချက်လည်း မပါဘူး”ဟု ၎င်းက ဆိုသည်။

အထောက်အထား မမှန်မကန်၍ ပြန်သိမ်းမည်ဆိုပါက အမှန်တကယ် ၀ယ်ယူထားသူများ နစ်နာမူရှိနိုင်ပြီး မူလရောင်းချ ထားသူနှင့် ထုတ်ပေးထားသည့် ဌာနကို ပါ အရေးယူသင့်ကြောင်း ရွှေပြည်သာ ဘ၀ကျွန်း ယခင်အမှိုက်ပုံနေရာတွင် အိမ်ရာကွက် ၀ယ်ယူထားသည့် အမျိုးသား တစ်ဦး မှတ်ချက်ပြုသည်။

အိမ်ရာကွက်ကို ပုံစံ ၁၀၅ ကူးယူမည် ဆိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးထံတွင် ပုံစံ ၁ အရင်လျှောက်ထားပြီး နေအိမ်နံဘေးပတ်ဝန်းကျင် ထောက်ခံချက် ယူကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံလျှောက် ထားရမည်ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပေးရန် သဘောထားမှတ်ချက်ပေးပြီး မှသာ မြေစာရင်းက ပုံစံ ၁၀၅ ရေးကူးပေး ရမည်ဖြစ်ကြောင်း ကော့သောင်း ခရိုင် အုပ်ချုပ်ရေးရုံးထံမှ သိရသည်။

မိုးအိ