ခရီးသည် ၀န်နှင့်အားမမျှသည့် အတွက် မြိတ်-ကျွန်းစုအမြန်ရေယာဉ် အခေါက်ရေ တိုးဆွဲမည်

0
708
မြိတ်-ကျွန်းစု ကိုပြေးဆွဲနေသော အမြန်ရေယာဉ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုဆန်း

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေ သည့် အမြန်ရေယာဉ်များတွင် ခရီးသည် များပြားပြီး ၀န်နှင့်အားမမျှသည့်အတွက် အခေါက်ရေတိုးပြေးဆွဲတော့မည်ဖြစ်သည်။

ခရီးသည်များအန္တရာယ်ရှိနိုင်ခြင်းကြောင့် မေလ ၂၈ ရက်က မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အမြန်ယာဉ်များအသင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ယခင်က မြိတ်မှကျွန်းစုမြို့သို့ တစ်နေ့ လျှင် ၃ ခေါက်ပြေးဆွဲနေရာမှ ဇွန်လ ၁ ရက်မှ စတင်ကာ ၄ ခေါက် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တိုင်းဒေသကြီးဆိပ်ကမ်းအရာရှိရုံး(မြိတ်)မှ ဒုကြီးကြပ်ရေးမှူး ဦးအောင်ဝင်းကြူက ပြောသည်။

“ခရီးသည်တွေများတော့ အမြန်ယာဉ် အမိုးပေါ်တက်စီးကြတာတွေရှိတယ်။ ဒီအပေါ် အန္တရာယ်များတော့ အခေါက်ရေ ထပ်တိုးလိုက်တာပါ”ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ၀န်ထမ်း များ လစာထုတ်သည့်နေ့တွင်လည်း အမြန်ယာဉ်တစ်စီး သီးသန့်ပြေးဆွဲရန် သဘောတူညီခဲ့ကြသည်ဟု ဦးအောင်ဝင်းကြူ က ဆိုသည်။

၎င်းအပြင် ဇွန်လ ၁ ရက်မှစ၍ လက်မှတ် တစ်စောင်ဝယ်လျှင် အသက်အာမခံကြေး အတွက် တစ်ရာကျပ် ကောက်ခံသွားရန် သဘောတူညီခဲ့ကြောင်း ဦးအောင်ဝင်းကြူက ဆိုသည်။

အမြန်ရေယာဉ်စီးနေသည့် ကာလ အတွင်း မတော်တဆထိခိုက်ကာ သေဆုံး ခြင်း သို့မဟုတ် မသန်စွမ်းဖြစ်သွားခြင်း စသည့်ကိစ္စရပ်မျိုးအတွက် ခရီးသည် တစ်ဦးလျှင်နစ်နာကြေးငွေ ကျပ်သိန်း ၂၀ ထောက်ပံ့ရန် သတ်မှတ်ထားပြီး အမြန် ယာဉ်ပိုင်ရှင်ဘက်မှလည်း နောက်ထပ် ကျပ် ၁၀ သိန်း နစ်နာကြေးပေးဆောင်ရန် သတ်မှတ်ထားကြောင်း မြန်မာ့အာမခံ လုပ်ငန်း မြိတ်ခရိုင်ရုံးတာဝန်ခံ ဦးနိုင်မျိုးကျော် က ပြောသည်။

ထိခိုက်ဒဏ်ရာ ၇၄ မျိုးအတွက် နစ်နာ ကြေး အမျိုးအမျိုးရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်း မြိတ်ခရိုင်ရုံးထံမှ သိရသည်။

မြိတ်မြို့မှ ကျွန်းစုသို့ လက်မှတ်တစ် စောင်လျှင်ကျပ်၁၅၀၀ ဖြင့်ရောင်းချလျက် ရှိကြောင်း အမြန်ရေယာဉ်ပိုင်ရှင်များ ထံမှ သိရသည်။

မြိတ်မြို့ဆိပ်ကမ်းမှ ကျွန်းစု၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်များသည် သတ်မှတ်ထားသော ခရီးသည်ဦးရေ ထက် ကျော်လွန်၍ ၀န်ပိုများ အဆမတန် သွားလာနေကြသည့်အတွက် ကြပ်မတ်ပေး ရန် အစီအစဉ်ရှိ/မရှိကို ကျွန်းစုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က တိုင်းလွှတ်တော်အစည်းအဝေးတွင် မေးမြန်း ခဲ့ဖူးသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပုံမှန်နှင့် ရှောင်တခင်စစ်ဆေးခြင်း၊ သတ် မှတ်ချက်များနှင့်မပြည့်စုံပါက ပြေးဆွဲခွင့် ရပ်နားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍကို တာဝန်ယူထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ သည်။

ကိုဆန်း