လောင်းလုံးတွင် အာဇာနည်ရင်ပြင်နှင့် မြို့တော်ခန်းမ ဆောက်လုပ်ခွင့်ရ

0
487
လောင်းလုံးမြို့ပေါ်ရှိ မြို့တော်ခနိးမ ဆောက်မည့်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

လောင်းလုံးမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အာဇာနည်ရင်ပြင်နှင့် မြို့တော်ခန်းမဆောက်ရန် တိုင်းအစိုးရ ထံမှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းအာဇာနည်ရင်ပြင်နှင့် မြို့တော် ခန်းမဆောက်မည့် လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ ယခင်စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာကိုလည်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့ကို လွှဲပြောင်းထားပြီး ဖြစ်ကြောင်း အထက်ပါဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

“အာဇာနည်ရင်ပြင်နဲ့ မြို့တော်ခန်းမ အတွက် ဘတ်ဂျက်ကတော့ လျာထားပေး တယ်လို့ သိရတယ်။ ရမယ်လို့လည်း ကြားရတယ်”ဟု ဦးကျော်သူက ဆိုသည်။

ဘတ်ဂျက်အသုံးပြုခွင့်ရပါက စတင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အာဇာနည်ရင်ပြင်နှင့် မြို့တော်ခန်းမဆောက်မည့် မြေနေရာရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်အဟောင်း ကို ဖျက်သိမ်းထားပြီး ဖြစ်သည်။

လောင်းလုံးမြို့တွင် အာဇာနည်နေ့ တိုင်း အာဇာနည်ကိုးဦးအား အလေးပြု မည့် နေရာမရှိသဖြင့် အာဇာနည်ရင်ပြင်အား ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး မြို့တော်ခန်းမကိုမူ မြို့နယ်အဆင့် အစည်းအဝေးများ၊ အခမ်းအနားများ ပြုလုပ် နိုင်ရန် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းလုံးမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အစည်းအဝေးများ၊ အခမ်းအနား များကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအတွင်းရှိ ဗထူးခန်းမတွင် ကျင်းပလေ့ရှိပြီး အာဇာနည်နေ့အခမ်း အနားကို လောင်းလုံးမြို့၊ (က) ရပ်ကွက်ရှိ အ.မ.က ကျောင်းတွင် ကျင်းပလေ့ ရှိသည်။

ကျော်သူစိုး