သရက်ချောင်း ရေတံခွန်ချောင်း ဒေသခံအလှူငွေဖြင့် ဖော်မည်

0
494

သရက်ချောင်းမြို့၊ မြိုမရပ်ကွက်မှ ပန်းတောရပ်ကွက်သို့ ဖြတ်စီးနေသည့် ရေတံခွန်ချောင်းကို ဒေသခံများ၏ အလှူငွေ ဖြင့် တူးဖော်မည်ဖြစ်ကြောင်း မြို့နယ်စည် ပင် သာယာရေးကော်မတီထံမှ သိရသည်။


ယင်းချောင်းကို တူးဖော်ရန်အတွက် တိုင်းအစိုးရထံ ရန်ပုံငွေတောင်းခံခဲ့သော် လည်း ခွင့်မပြုသဖြင့် ဒေသခံများ၏ အလှူငွေဖြင့် တူးဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


တဖြည်းဖြည်းတိမ်ကောလာနေ သည့် ရေတံခွန်ချောင်းကြောင့် သရက်ချောင်း မြို့မရပ်ကွက်၌ မိုးရာသီတွင် နှစ်စဉ်ရေ ကြီးလေ့ ရှိပြီး ယမန်နှစ် မိုးရာသီတွင် လေးကြိမ်ခန့် ရေကြီးခဲ့ကြောင်း အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။


ယင်းအတွက်ကြောင့် မြို့နယ် ဆည် မြောင်းဦးစီးဌာနမှ ယင်းချောင်းတူးဖော်ရန် အတွက် ယခုဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ခွင့်ပြုပေးရန် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ဦးသန်းမြင့်က ပြောသည်။


ယင်းကဲ့သို့ ဆည်မြောင်းဦးစီးဌာနမှ ရန်ပုံခွင့်ပြုပေးခြင်း မရှိသောကြောင့် ဒေသခံ စေတနာရှင်များ၏ အလှူငွေနှင့် မြို့နယ် ဆည်မြောင်းဦးစီးဌာနပိုင် စက်ယန္တရားများ ဖြင့် ရေတံခွန်ချောင်းတစ်လျှောက် ပေ ငါးထောင်ခန့်ကို တူးဖော်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။


“ဒီချောင်းတူးပြီးရင်တော့ မြို့မရပ် ကွက်မှာ ရေကြီးနေတာကို လျှော့ချနိုင်လိမ့် မယ်လို့တော့ ထင်တယ်။ အခုတော့ စည်ပင်မှာရှိတဲ့ ဘက်ဟိုးအငယ်စားလေးနဲ့ (မြို့မရပ်ကွက်နှင့် ပန်းတောရပ်ကွက် ကြားရှိ) တံတားအောက်က နုန်းတွေကို ဖယ်ရှားထားပြီးပြီ”ဟု ဦးသန်းမြင့်က ဆိုသည်။


မေလလယ်ဝန်းကျင်မှ စတင်၍ လုပ်ငန်းစတင်နေပြီဖြစ်ပြီး လက်ရှိတွင် ယင်းချောင်းအတွင်း စီးဝင်သည့် ချောင်းငယ် များကိုလည်း တူးဖော်လျက်ရှိကြောင်း ၎င်းက ဆိုသည်။


ယင်းချောင်းတူးဖော်နိုင်ရန်အတွက် အလှူငွေ ကျပ်ကိုးသိန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

ကျော်သူစိုး