ထားဝယ်-မောင်းမကန်လမ်းနံဘေး ရော်ဘာခြံအတွင်း အမျိုးသမီးတစ်ဦး အသတ်ခံရမှု ကျူးလွန်သူကို မမိသေး

0
574

ထားဝယ်-မောင်းမကန်သွား ကားလမ်း ဘေးရှိ ရော်ဘာခြံအတွင်း အမျိုးသမီး တစ်ဦး အသတ်ခံရသည့်ကိစ္စတွင် ကျူးလွန်သူ ကို မမိသေးကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီး နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း  ထားဝယ် ခရိုင် မှုခင်းနှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူက ဇွန်လ ၁ ရက်တွင် ပြောသည်။

အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၁၉ နှစ်အရွယ်ရှိပြီး ထားဝယ်မြို့နယ် ရောင်းမော်ရွာတွင် နေထိုင်သူ ဖြစ်သည်။

“ကျွန်တော်တို့ကတော့ အချိန်ပြည့် အားစိုက်ပြီး အဖွဲ့တွေခွဲပြီး လိုက်နေတယ်”ဟု ရဲအုပ်အောင်သူက ပြောသည်။

အလောင်းအား အထက်ပါလမ်းရှိ မိုင်တိုင်အမှတ် ၄/၆မိုင်နှင့် ၄/၇ မိုင်ကြားရှိ ကားလမ်းမှ ကိုက် ၅၀ ခန့်အကွာ ရော်ဘာခြံ အတွင်း မေလ ၂၃ ရက်က တွေ့ရပြီး လည်ပင်းနှင့် နဖူးတွင် ပြတ်ရှဒဏ်ရာများ တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ အမျိုးသမီး၏ ဖခင်ဖြစ်သူ က ၎င်းသမီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပြီးခဲ့သည့် မေလ ၂၀ ရက် ည ၇ နာရီခန့်က အိမ်မှထွက်သွားပြီးနောက်ပိုင်း တွင် ဖုန်းဆက်သွယ်၍ မရတော့ဟု သေဆုံးသူ ၏ မိသားစုက ပြောကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်းမကန် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားပြီး တရားခံဖြစ်သူအား စုံစမ်းနေကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch