အိုးအိမ် ဌာနပိုင်မြေကျူးဟုဆိုကာ လယ်သမား မိသားစုကို နေအိမ်မှ ဖယ်ပေးရန် တတိယအကြိမ် နှင်ထုတ်စာ ပို့မည်

0
660

ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ် ရပ်ကွက်နေ လယ်သမား ဦးကြူလွင် မိသားစုကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေအရ နေအိမ်မှ ၁၅ ရက် အတွင်း ဖယ်ရှားပေးရန် တတိယအကြိမ် သတိပေးစာ ထပ်ပို့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

ပထမအကြိမ်Notice စာ (သတိ ပေးစာ)ကို ယခုနှစ်အစောပိုင်းက ပေးပို့ခဲ့ ဖူးပြီး ယင်းအချိန်က ဦးကြူလွင်မှ ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ အယူခံ ၀င်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မိခင်ဥပဒေတစ်ခုဖြစ်သော ၁၉၅၅ခုနှစ်  အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေ အရ ပထမအကြိမ် နို့တစ်စာပို့ခံရပါက ပို့ခံရသည့်သူသည် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ အယူခံဝင်ခွင့်ရှိပြီး ယင်းအယူခံ ကို ကြားနာပြီး ပယ်ချလိုက်ပါက နောက်ထပ် အယူခံဝင်ခွင့် မရှိတော့ပေ။

ဦးကြုလွင်သည် ပထမအကြိမ် သတိပေးစာပို့ခံရစဉ်ကတည်း အယူခံဝင်ခဲ့ သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယင်းအယူခံကို ဧပြီလက ပယ်ချလိုက် သည်။

ယင်းနောက် တနင်္သာရီတိုင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယအကြိမ် သတိပေးစာကို ဦးကြူလွင် မိသားစုထံ မေလ ၁၆ ရက်တွင် ထပ်မံ ပေးပို့ခဲ့ပြီး သတိပေးစာ ရသည့်နေ့မှ ၁၅ ရက်အတွင်း နေအိမ်မှ ဖယ်ရှားပေးရမည်ဟု ယင်းနို့တစ်စာတွင် ဖော်ပြထားသည်။

ဦးကြူလွင်ကမှု မည်ကဲ့သို့ပင်သတိ ပေးစာပို့စေကာမှု နေအိမ်မှ ဖယ်ရှားပေးမည် မဟုတ်ဟု မေလ ၂၂ ရက်က ပြောဆိုထား သည်။

ဒုတိယအကြိမ်ပို့ထားသည့် နေအိမ်မှ နှင်ထုတ်သည့် သတိပေးစာကို လိုက်နာမှု မရှိပါက တတိယအကြိမ် သတိပေးစာ ထပ်ပို့မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တိုင်းအစိုးရထံ ခွင့်ပြုချက်တောင်းခံကာ ဖယ်ရှားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ကျွန်မတို့ လူမှုရေးအရလည်း အကြိမ်ကြိမ် ညှိနှိုင်းပြီးပြီ။ အချိန်တွေလည်း အများကြီးပေးထားခဲ့ပြီး ဖြစ်တယ်။ အဲဒါမှ မရဘူးဆိုရင်တော့ တိုင်းအစိုးရကို စီမံချက် ရေးတင်ပြီးတော့ ခွင့်ပြုချက်ရတဲ့နေ့ကျရင် ဖယ်ရှားတော့မယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

၁၉၈၉ ခုနှစ်မှ လက်ရှိ အချိန်အထိ ဦးကြူလွင်မိသားစုနေထိုင် မြေနေရာ ၉ ဒဿမ ၉ ဧကကို ၁၉၉၁ ခုနှစ်တွင် တနင်္သာရီ တိုင်း ငြိပ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က သိမ်းယူခဲ့ပြီး ယင်းအတွက် အစားထိုးမြေ နေရာ ၆ ကွက် ကိုလည်း ချထားပေးပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အယူခံအဖွဲ့က ထုတ်ပြန်သည့် အမိန့်စာ တွင် ဖော်ပြထားသည်။

နေအိမ်မှ မဖယ်ပေးရခြင်း၏ အဓိက အကြောင်းအရင်းမှာ အစားထိုးရရှိထား သည့် မြေကွက်များမှာ ယနေ့အချိန်အထိ မြေဂရန် မထုတ်ပေးသေးခြင်းကြောင့်ဖြစ် ကြောင်း ဦးကြူလွင်က ပြောသည်။

“ကျွန်တော်က မထွက်ပေးဘူး မဟုတ်ဘူး။ ထွက်ပေးမယ်။ အစားထိုးပေးထားတဲ့ မြေဂရန်ရရင် ကျွန်တော်ထွက်ပေးမယ်လို့ ပြောပြီးသား။ ကျွန်တော်ထွက်ပေးလိုက်ရင် အစားထိုးပေးထားတဲ့မြေနေရာကို အချိန် မရွေးပြန်သိမ်းသွားနိုင်တယ်”ဟု ၎င်းက ဆိုသည်။

မြေဂရန်ရရှိရေးမှာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံတွင် လျှောက်ထားရမည်ဖြစ်ပြီး တနင်္သာရီတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မသက်ဆိုင်ကြောင်း ယင်းဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းမြေနေရာကို မြေဂရန်ပေါက် ပိုင်ဆိုင်ထားသည့် တနင်္သာရီတိုင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ အဆောက်အအုံ ဆောက်လုပ်ရန် စီစဉ်တိုင်း ဦးကြူလွင်က တားဆီးသည်ဟုဆိုကာ တရားစွဲဆိုထားသည်။

Dawei Watch