ပြည်နယ်အစိုးရ၏ ရပ်ကွက်ဈေး အသစ်ဆောက်သည့်အစီအစဉ် မိုးရာသီကုန်မှ လုပ်ဆောင်စေလိုဟုဆို

0
493

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ပြည်နယ်အစိုးရ အကောင် အထည်ဖော်နေသည့် ဈေးအသစ်တည် ဆောက်သည့်အစီအစဉ်ကို မိုးရာသီပြီးဆုံးချိန်မှ စတင်စေလိုကြောင်း ဈေးသူဈေးသား အချို့က ပြောသည်။

မြို့သာယာလှပရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ ဈေးများ၊ လမ်းများကောင်း မွန်စေရန်နှင့် အမှိုက်စွန့်ပစ်စနစ်ကောင်း မွန်စေရန်အတွက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များရှိ ရွှေမြိုင်သိရိဈေး၊ မြိုင်သာယာ ဈေး၊ သီရိမြိုင်ဈေး၊ ဒိုင်းဝန်ကွင်းပျံကျဈေးများကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်အစိုးရ၏ ဈေးအဆင့်မြှင့် တင်သည့်အစီအစဉ်သည် မိုးတွင်းကာလ ဖြစ်သည့်အတွက် ဈေးပြောင်းရွှေ့ရန် ခက်ခဲပြီး ဈေးတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး ဈေးသူဈေးသားများအား ပွင့် လင်းမြင်သာစွာ အသိပေးခြင်း မရှိကြောင်း ဈေးသူဈေးသားအချို့က ဆိုသည်။


“ဈေးအဆင့်မြှင့်မယ်၊ ဈေးအသစ်ဆောက်မယ်ဆိုတာကို ကျွန်မတို့ ဈေးသူဈေးသားတွေ ကြိုတင်မသိဘူး။ မိုးတွင်း လည်းရောက်နေပြီ။ ဈေးပိတ်ပြီး ပြောင်းရမယ်ဆိုရင် အခက်အခဲအများကြီးရှိပါတယ်၊ မိသားစုစားဝတ်နေရေးလည်းရှိ သေးတယ်၊ ရွှေမြိုင်သိရိဈေးက မပြင်ရင်လည်း ရသေးတယ် အသစ်ဆောက်မယ်ဆိုလည်း မိုးကုန်မှ ဆောက်စေလိုတယ်”ဟု ရွှေမြိုင်သိရိဈေးမှ ဒေါ်မိမိထွန်းက ပြောသည်။

ဈေးသူ၊ ဈေးသားများက ဈေးအသစ် တည်ဆောက်မည့်ကိစ္စကို ပြည်နယ်အစိုးရ နှင့် ပြည်နယ်လွှတ်တော်တို့ကို ကန့်ကွက်စာ တင်ထားပြီး မဖြစ်မနေဆောက်ရမည်ဆို လျှင်လည်း မိုးကုန်မှသာ ဆောက်စေလိုကြောင်း ဈေးသူဈေးသားတို့က ပြောသည်။

“မိုးတွင်းလည်းဖြစ် ပြောင်းရွှေ့ဖို့ ကလည်း ရုတ်တရက်ဖြစ်နေတော့ အခက် အခဲ ရှိပါတယ်။ မိုးကုန်မှ ပြောင်းရွှေ့ခွင့် ရရှိနိုင်ရေးကို ကူညီပေးဖို့ လွှတ်တော်ကို အကူအညီ တောင်းခံ တင်ပြထားပါတယ်”ဟု မြိုင်သာယာဈေးမှ မနှင်းက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဈေးအဆင့်မြှင့်တင်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်ရမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ၀န်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“အစိုးရမှာလည်း ဘတ်ဂျက်သတ်မှတ် ကာလရှိတယ်၊ သတ်မှတ်ကာလအတွင်းမှာ မသုံးနိုင်ရန် ပြန်အပ်ရမယ်၊ ပြန်အပ် ပြီးရင် နောက်ပြန်ရဖို့ဆိုတာ မလွယ်ဘူး”ဟု ဦးမင်းကျော်လွင်က ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက် ငွေကျပ်သန်း ၁၆၈၀ ဖြင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များရှိ ဈေးအချို့ ကို အဆင့်မြှင့်မည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ယဉ်စနိုင်း