တင်ဒါမခေါ်ဘဲ လုပ်ငန်းခွင့်ပြုခဲ့သည့် ကိစ္စ ပွင့်လင်းစွာ ချပြသင့်ကြောင်း မွန်ပါတီတည်ထောင်သူများ ထုတ်ပြန်

0
447

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်းခင်းသည့် လုပ်ငန်းကို တင်ဒါမခေါ်ဘဲ ပြည်နယ်အစိုးရက ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးခဲ့သည့်ကိစ္စ ပြည်သူအား ပွင့်လင်း မြင်သာမှုရှိစွာ ချပြရှင်းလင်းသင့်ကြောင်း မွန်ညီညွတ်ရေးပါတီ တည်ထောင်သူများက ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် အဆိုပါကိစ္စရပ်အား တစ်စုံတစ်ရာ ကိုင်တွယ်ဆောင်ရွက် ခြင်းမပြုဘဲ အချိန်ဆွဲကာ ဖုံးကွယ်ထားခြင်းသည် လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ပိုမိုမြင့်တက်လာစေနိုင်ပြီး ဒီမိုကရေစီကျင့်စဉ်အရ မဏ္ဍိုင် နှစ်ရပ်အကြား အပြန်အလှန်ထိန်းကျောင်းမှု အားနည်း သွားစေမည်ဟု ယူဆသဖြင့် ရှေ့လျှောက် မည်သို့ကိုင်တွယ်ဆောင်ရွက်ရန်ရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းလင်းသင့်ကြောင်း ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ကို တိုက်တွန်းထုတ် ပြန်ထားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာ ဘာမှ မပြောလိုဘူး။ လွှတ်တော်မှာ မေးခွန်းတစ်ခု တက်လာတယ်။ ပြန်ဖြေတဲ့အဖြေက မှန်/မမှန်၊ တကယ်လို့ မမှန်ဘူးဆိုရင် ဆက်ပြီးတော့ ဘယ်လိုကိုင်တွယ်သွားမလဲ ဆိုတဲ့ဟာ ရှင်းရှင်းလင်းလင်း လူထုကို ချပြသင့်တယ်၊ ဒီကိစ္စ အချိန်ဆွဲပြီးတော့ ဖုံးကွယ်ထားတာကတော့ မဖြစ်သင့်ဘူး”ဟု မွန်ညီညွတ်ရေးပါတီ တည်ထောင်သူ တစ်ဦးဖြစ်သည့် နိုင်လရီတမက ပြောသည်။

မေလ ၃ ရက်က ကျင်းပပြုလုပ်ခဲ့ သည့် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ် မြောက်အစည်းအဝေးတွင် ဘတ်ဂျက်ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်စေခဲ့သည့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ဘဲ Southern Myanmar Development ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးခဲ့သည်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မေးခွန်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်ခွင့်ပြုချက်နှင့် တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ငန်း ဆောင်ရွက်စေခဲ့သည်ဟု ၀န်ကြီးချုပ် ဒေါက်တာအေးဇံ ပြန်လည်ဖြေကြားခဲ့သော်လည်း အဆိုပါကိစ္စသည် ၀န်ကြီးချုပ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်ဟု ယခင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဖြစ်သည့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က လွှတ်တော်တွင် ပြောခဲ့သည်။

အဆိုပါကိစ္စသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်မညီသလို အဂတိနှင့် မကင်းဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှုရှိခဲ့သည်။

“ဒီတင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ခွင့် ပေးတဲ့ကိစ္စက အတော်လေး လူပြောစရာ ဖြစ်စေတယ်။ အမျိုးမျိုးဝေဖန်ကြတယ်၊ ဒီအပေါ်မှာ ပြည်နယ်အစိုးရကို ဘယ်လို ကိုင်တွယ်လာမလဲ၊ ဘာဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း စိတ်ဝင်စားကြတယ်။ ခုထိကတော့ ဘာအသံမှ ထွက်မလာသေးဘူး။ ဒါပေမဲ့ လူထုကတော့ စောင့်ကြည့်နေကြတယ်”ဟု မွန်ပြည်သူ တစ်ဦးဖြစ်သည့် ဦးဇော်လင်းက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ယခုကဲ့သို့သောကိစ္စရပ်ကို ပွင့်လင်းမြင်သာစွာ စိစစ်စုံစမ်းဆောင်ရွက် သင့်ကြောင်း မွန်ညီညွတ်ရေးပါတီတည် ထောင်သူများက တိုက်တွန်းထားသည်။

ယဉ်စနိုင်း