သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ်

0
986

တရားဝင်သတင်းမီဒီယာတွေဆီမှာ သတင်းခိုးယူပြီး ဆင်တူယိုးမှား သတင်းတု သတင်းမှားတွေ ဖော်ပြနေတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ၃၀ ကျော်ရဲ့ အမည်စာရင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မေလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ သတိထားမိသလောက် အဲဒီလိုမျိုး သတင်း တွေခိုးပြီး သတင်းတု သတင်းမှားတွေ ဖော်ပြနေတဲ့ စာမျက်နှာတွေက ၃၀ မက ပါဘူး။ ရာနဲ့ ချီပြီးကို ရှိနိုင်ပါတယ်။ ဒါကြောင့်လည်း သတင်းမီဒီယာကောင်စီ က ဆက်လက်ပြီး ထုတ်ပြန်ကြေညာသွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်းမီဒီယာကောင်စီက ထုတ်ပြန် ထားတဲ့ စာမျက်နှာတွေကို စိတ်ဝင်စားလို့ ရှာပြီး စနည်းနာကြည့်မိတော့ မျက်လုံးပြူး မတတ်ပါပဲ။

သတင်းတွေခိုးယူပြီး ဆင်တူရိုးမှား သတင်းတု သတင်းမှားတွေ ဖြန့်တဲ့ စာမျက်နှာစာရင်းမှာပါတဲ့ စာမျက်နှာ တွေဟာ အနည်းဆုံး Like တစ်သိန်း နှစ်သိန်းကနေ သိန်းခြောက်ဆယ်အထိ ရှိပါတယ်။ Shwemonဆိုတဲ့ စာမျက်နှာ ကို လူပေါင်း သိန်းခြောက်ဆယ်နီးပါးLike လုပ်ထားကြတာကို တွေ့ရတယ်။ ဆိုလိုတာက အဲဒီ Shwemonဆိုတဲ့ စာမျက်နှာကို လူပေါင်း သိန်းခြောက်ဆယ် လောက် ၀င်ကြည့်နေတယ်ဆိုတဲ့ သဘော ပါ။ အဲဒီပမာဏဟာ မြန်မာနိုင်ငံ လူဦးရေ ရဲ့ ဆယ်ပုံတစ်ပုံထက်တောင် ပိုများနေတဲ့ ပမာဏပါ။

သတင်းတု သတင်းမှာ စာမျက်နှာ စာရင်းမှာပါတဲ့ Pho Thu Taw ဆိုတဲ့ စာမျက်နှာဟာဆိုရင်လည်း Like ပေါင်း သိန်း လေးဆယ်ကျော် ရှိပါတယ်။

အဲဒီလိုမျိုးလိုက်ကြည့်ရင်းနဲ့ တရားဝင် သတင်းဌာနတွေရဲ့ Like အခြေအနေ ကို ကြည့်ချင်စိတ်ဖြစ်လာတယ်။  ပထမဆုံး စိတ်ထဲပေါ်လာတာကMyanmar Now သတင်းဌာနပါ။ ဘာကြောင့် Myanmar Now သတင်းဌာနကို စိတ်ကူးမိလဲ ဆိုတော့ Myanmar Nowဟာ စုံစမ်း ထောက်လှမ်းပြီး သတင်းတွေကို နှိုက်နှိုက် ချွတ်ချွတ်ရေးသားလေ့ရှိတဲ့ အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။ Myanmar Nowကိုလည်း လူတိုင်းသိပြီးသား ဖြစ် မှာပါ။ Myanmar Nowကို ၀င်ကြည့်တဲ့အခါ မှာ Likeလုပ်ထားသူ အရေအတွက် သုံးသိန်းကျော်ပဲ ရှိပါတယ်။

နောက်ထပ် တရားဝင်သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာကို ၀င်ကြည့်မိတယ်။ Like လုပ်တဲ့သူ ၁၇ သိန်းကျော်ပဲ ရှိပါတယ်။

ဆိုတော့ ဖေ့စ်ဘွတ် သုံးစွဲတဲ့သူ ပြည်သူထဲမှာ တရားဝင် သတင်းဌာန တွေကို ကြည့်တဲ့သူထက် သတင်းတု သတင်းမှားဖြန့်တဲ့ Page တွေကို ကြည့်တဲ့သူတွေက ပိုများနေတယ်ဆိုတဲ့ သဘောပါ။

ဘာကြောင့် သတင်းတု သတင်းမှား ဖြန့်တဲ့ Page တွေကို ကြည့်တဲ့သူပို များနေရတာပါလဲ။ စိတ်ဝင်စားမိတော့ အဲဒီ Page တွေမှာ တင်ထားတဲ့ အကြောင်း အရာတွေကို လေ့လာမိတယ်။

ပထမဆုံး Shwemon ဆိုတဲ့ Page ကို လေ့လာမိတယ်။ ပထမဆုံး News & Media Website ဆိုပြီး ရေးထားတာတွေ့တယ်။ တင်ထားတဲ့ အကြောင်းအရာတွေကတော့ အစုံပါပဲ။ ခြုံပြောရမယ်ဆိုရင် လူစိတ်ဝင်စားမှုများ နိုင်တဲ့ အကြောင်းအရာတွေကို အဓိက ရေးထားတယ်။ နာမည်ကျော် အနုပညာရှင် အကြောင်းတွေ၊ လူတွေစိတ်မ၀င်ဝင် စားအောင်ရေးထားတဲ့ အကြောင်းအရာတွေ ( ဥပမာ သူသင့်ကို တကယ်မချစ်မှန်း သိနိုင်တဲ့ အချက် ၅ချက်၊ ချစ်သူကို နှစ်နှစ် ကာကာချစ်တတ်တဲ့ ယောက်ျားတွေရဲ့ အပြုအမူများ၊ စသဖြင့်)၊ လူကြိုက်များတဲ့ လမ်းညွှန်လိုဟာတွေအပြင် လွယ်လွယ်နဲ့ အတည်ပြုလို့မရတဲ့ နိုင်ငံခြားသတင်းဌာန တွေကို ကိုးကားပြီး ရေးထားတဲ့ သတင်း၊ ဆောင်းပါးတွေကို တွေ့ရပါတယ်။

တခြား  စာမျက်နှာတွေလည်း အလားတူ ပါပဲ။ တချို့ စာမျက်နှာတွေမှာ သတင်း ပုံစံရေးထားတဲ့ အကြောင်းအရာတွေ တွေ့တယ်။ အရင်းအမြစ်ပါတဲ့ သတင်းတွေ လည်း ရှိတယ်။ အရင်းအမြစ် မပါတဲ့ သတင်းတွေလည်း ရှိတယ်။ လူစိတ်ဝင် စားနိုင်မယ့် အကြောင်းအရာတွေ(ဥပမာ ၀က်ခြံပျောက်နည်း၊ ကြွက်နှိမ်နင်းနည်း၊ ၀ိတ်ချနည်းက စလို့ ကင်ဆာရောဂါပျောက် နည်း အဆုံးပါပဲ)လည်း ပါတယ်။ အများဆုံး ကတော့ တရားဝင်သတင်းဌာနတွေက ခိုးယူထားတဲ့ သတင်းတွေ ဖြစ်တယ်။

တရားဝင်လုပ်ကိုင်နေတဲ့ သတင်း မီဒီယာတွေကို ကြည့်ရှုသူနည်းပြီး တရားဝင် သတင်းဌာနတွေဆီက ခိုးယူထားတဲ့ သတင်းတွေကို ပြန်ဖြန့်နေတဲ့ စာမျက်နှာ တွေက ကြည့်ရှုသူတွေက ပိုများနေတာဆို တော့ တွေးကြည့်ရင် ရယ်စရာတော့ အကောင်းသား။

ဒါပေမယ့် သေချာပြန် စဉ်းစားကြည့် ရင် လုပ်စားနေတဲ့ အဲဒီ ဖေ့စ်ဘွတ်စာမျက်နှာ တွေက လူကြည့်မများများအောင် သတင်းမှန် တွေကို ခိုးပြီးတင်တာတွေ၊ လူစိတ်ဝင်စား မယ့် အချက်အလက်တွေကို ကိုယ့်ဘာသာ ကိုယ် ဖန်တီးပြီး ရေးတာတွေ၊ လူစိတ်ဝင် စားနိုင်မယ့် အနုပညာရှင်သတင်း အကြောင်းတွေ စသဖြင့် နည်းပေါင်းစုံနဲ့ လုပ်နေကြလို့ လူကြည့်များနေရတာ ဖြစ် ပါတယ်။

လုပ်စားနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တွေလို့ ပြောတာက အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Instant Article လို့ခေါ်တဲ့ Facebook ရဲ့ ၀န်ဆောင်မှုကို ယူပြီး ၀င်ငွေရှာနေကြလို့ပါပဲ။(Instant Article အကြောင်း ကိုတော့ စာရှည် သွားမှာစိုးလို့ ဒီနေရာမှာ အသေးစိတ် မရှင်းပြတော့ပါဘူး) အားလုံးနားလည်အောင်ပြောရမယ်ဆိုရင် Instant Article ၀န်ဆောင်မှုကို ယူထားရင် ဖေ့စ်ဘွတ်က ကြော်ငြာတွေ ထည့်ပေးပြီး ကြော်ငြာခ ပိုက်ဆံပေးပါတယ်။ လူကြည့်များလေလေ ပိုက်ဆံပိုရလေလေပါပဲ။ Instant Article ၀န်ဆောင်မှု ယူထားတာက ပြဿနာမရှိပါဘူး။ တရားဝင်သတင်းဌာန တွေလည်း Instant Article ယူထား ကြပါတယ်။ ဒါပေမယ့် လုပ်စားနေတဲ့ စာမျက်နှာတွေက လူဝင်ကြည့်ရင်ပြီးရော၊ ငွေရရင် ပြီးရောဆိုတဲ့ သဘောနဲ့ မှန်တဲ့ အချက်အလက်ရော၊ မမှန်တဲ့ သတင်း အချက်အလက်တွေကိုပါ ဖြန့်နေတာကမှ တကယ့်ပြဿနာပါ။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ကြေညာထားတဲ့ စာမျက်နှာတွေ ထဲမှာလည်း သတင်းမှားတွေကို တင်ထား တဲ့ စာမျက်နှာတွေ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပေါ်ကို ဘယ်သူတင်လိုက်မှန်း မသိတဲ့ ကောလာဟလတွေကိုလည်း သူတို့ရဲ့ စာမျက်နှာမှာ သတင်းပုံစံရေးပြီး ပြန်တင်ကြတာတွေလည်း တွေ့ရပါ တယ်။

အဲဒါက တကယ့်ပြဿနာ အကြီးကြီး ပါ။ လူတွေကို သတင်းအမှားတွေ ဖြန့်ဝေ ပေးနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက သတင်းအချက်အလက် မှန်ကန်မှုဟာ လူ တွေအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာ ဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ် ဘ၀၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း စတာတွေနဲ့ ပတ်သက်ပြီး  ဆုံးဖြတ်ချက် တွေ ချတဲ့ အခါမှာ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရဖို့ အလွန်အရေးကြီးပါ တယ်။  ဥပမာ – မိုးလေ၀သတင်းပဲဆိုပါစို့။ ဒီနှစ်မှာ အယ်နီညိုရာသီဥတုကြောင့် ရေရှားမယ်ဆိုတဲ့ သတင်းကို လယ်သမား တွေ သိရရင် သူတို့အနေနဲ့ ရေအသုံးပြုရ နည်းတဲ့ သီးနှံတွေကို ရွေးစိုက်နိုင်မယ်။ 

နောက်တစ်ခုက လုပ်စားဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ရေးထားတဲ့အတိုင်း ကင်ဆာပျောက်နည်း ဆိုတာကို လိုက်လုပ် ကြည့်မယ်ပဲ ဆိုကြပါစို့။ ကင်ဆာ မပျောက်ဘဲ အသက်ပျောက်သွားရင် ဘယ် သူတာဝန်ယူမလဲ။

ပြီးတော့ ဒီလိုမျိုး ဖေ့စ်ဘွတ်စာမျက်နှာ တွေက ကောလာဟလတွေ သာမက ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု တွေကိုလည်း အင်မတန်ပျံ့နှံ့လွယ်စေပါ တယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေက ပရိသတ် အခိုင်အမာရထားတာကိုး ။

ထိခိုက်အုံကြွလွယ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး “ဘယ်နေရာမှာ ဘယ်လူမျိုး နဲ့ ဘယ်လူမျိုးနဲ့ ချကုန်ကျပြီ”၊ “ဒီနေရာ မှာတော့ ဘယ်ဘာသာဝင်တွေနဲ့ ဘယ် ဘာသာဝင်တွေချကုန်ကြပြီ”ဆိုတာမျိုး သာ အဲဒီ စာမျက်နှာတွေက တင်လိုက်မယ် ဆိုရင် ကျန်တဲ့ နေရာတွေကိုပါ ပဋိပက တွေ ကူးစက်သွားစေမှာပါ။

ဒါကြောင့် သတင်းအမှား၊ အချက် အလက်မှားတွေ ကိုယ့်ကိုယ်လွှမ်းမိုးတာ မခံရစေဖို့အတွက် အချက်တချို့ကို အကြံပြုပါရစေ။

၁) သတင်းမီဒီယာကောင်စီက ထုတ် ပြန်ထားတဲ့ စာမျက်နှာတွေကိုLikeမလုပ်မိပါစေနဲ့ ။ လုပ်ထားမိရင် Unlike ပြန်လုပ်ပါ။ သူတို့တွေ ပိုက်ဆံရဖို့ အတွက် ကိုယ့်ကို အသုံးချတာ မခံပါနဲ့။ သတင်း မီဒီယာကောင်စီက မထုတ်ပြန်သေးတဲ့ အလားတူ ဖေ့စ်ဘွတ်စာမျက်နှာတွေ ကိုလည်း Like မလုပ်မိပါစေနဲ့။ လုပ်ထား မိရင် Unlike ပြန်လုပ်ပါ။ Unlike ပြန်လုပ်ရင် သူတို့တင်လိုက်တဲ့ အကြောင်း အရာမှန်သမျှ ကိုယ့်ဆီမှာ လာပေါ်တော့ မှာ မဟုတ်ပါဘူး။

၂) တရားဝင်သတင်းမီဒီယာတွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက် တွေကို ရယူပါ။

၃) ဖေ့စ်ဘွတ်ပေါ်မှာ သတင်းတစ်ခု တွေ့ရင် သတင်းအရင်းအမြစ်ကို ရှာပါ။ ဖြစ်နိုင်မဖြစ်နိုင် အကျိုးအကြောင်း ဆင်ခြင်သုံးသပ်ပါ။

၎) ခေါင်းစဉ်တစ်ခုတည်း မဖတ်ပါ နဲ့။ သတင်းတစ်ခုလုံးဖတ်ကြည့်ပြီး သတင်း မှန်၊ မမှန် သုံးသပ်ပါ။

၅) ကိန်းဂဏန်းတွေ၊ အချက်အလက် တွေ၊ နေ့စွဲတွေကို ဆန်းစစ်ပါ။

အဲဒီနည်းတွေနဲ့ လုပ်စား ဖေ့စ်ဘွတ် စာမျက်နှာတွေက ဖော်ပြတဲ့ သတင်းတု၊ သတင်းအမှား၊ အချက်အလက်မှားတွေကို ရှောင်ရှားနိုင်ပြီး မှန်ကန်တဲ့ သတင်းအချက် အလက်တွေ ရရှိနိုင်ပါစေလို့ ဆန္ဒပြုပါ တယ်။     ။

ဖိုးလုံး

ဆက်စပ်ဖတ်ရှုရန်-

သတင်းအတု အယောင်၊ အမှားတွေ တင်ဆက်၊ သတင်းတွေ ခိုးကူးနေတဲ့ အွန်လိုင်း ၀က်ဘ်ဆိုဒ်နဲ့  ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေ

http://www.daweiwatch.com/2019/06/04/guides/18822