တိုင်းရင်းသားရေးရာ ၀န်ကြီး – အဖြုတ်လွယ်၊ ပြန်အစားထိုးခက်

0
1401

ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးကို သမ္မတက ၂၀၁၉ ခုနှစ် မေလနှောင်းပိုင်းက နုတ်ထွက် ခွင့်ပြုလိုက်တယ်။ ၀န်ကြီး ကိုယ်တိုင်ကလည်း သူကိုယ်တိုင် တာဝန် မကျေဘူး ခံစားရလို့ နုတ်ထွက်ကြောင်း ပြန်ရှင်းထားတယ်။

အဲဒီမှာ မေးခွန်းက တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေထဲက တိုင်းရင်းသား ရေးရာ ၀န်ကြီးတွေကို နုတ်ထွက်ခွင့်ပြုလို့ ရသလား ဆိုတာပါပဲ။ တိုင်းရင်းသားရေးရာ ၀န်ကြီးကို ထွက်ခိုင်းလိုက်ရင် အခြားဝန်ကြီး တွေလို အစားထိုးပြန်ခန့်လို့ရလား၊ ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်လဲ စောကြော ကြည့်ရအောင်ပါ။

ဝန်ကြီးတစ်ယောက်ယောက်က ထွက်ချင်တယ်၊ သမ္မတကလည်း ခွင့်ပြု တယ်ဆိုရင် ထွက်ခွင့်ပေးလို့ရတယ်ဆိုပြီး ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ထွက်ခွင့်တောင်းရင် ထွက်ခွင့်ပြုနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ် (ပုဒ်မ ၂၆၄)။

ဒါပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ ဖြစ်တဲ့ တိုင်းရင်းသား ရေးရာ ၀န်ကြီးတွေဟာ အခြားတိုင်းနဲ့ ပြည်နယ် ၀န်ကြီးတွေနဲ့ သဘော သဘာဝ မတူပါဘူး။ ရွေးချယ်တင်မြှောက်ခံရတဲ့ လုပ်ငန်းစဉ်ချင်းလည်း မတူပါဘူး။

လူနည်းစုတိုင်းရင်းသားတွေအရေး ကို လုပ်ဆောင်နိုင်ဖို့၊ သူတို့ကို ကာကွယ် ပေးနိုင်ဖို့ ဆိုပြီး ကောက်ယူနိုင်တဲ့ စဉ်းစား ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းထားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီထဲမှာ ပုဒ်မ ၁၆၁ လည်း ပါဝင်ပါ တယ်။

ပုဒ်မ ၁၆၁ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ တစ်မြို့နယ် ကို နှစ်ဦးကျနဲ့ ပုံမှန် လွှတ်တော်ကိုယ်စား လှယ်တွေ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသား ရေးရာ အမတ်တွေ ပါဝင်ဖွဲ့စည်းရပါ တယ်။

ပုဒ်မ ၁၆၁ (ခ) က “တိုင်းဒေသကြီး များတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီး သော တိုင်းရင်းသား လူမျိုးများမှ အပ ကျန် တိုင်းရင်းသားလူမျိုးများအနက် လျော် ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုည ဒသမတစ် ရာခိုင်နှုန်းနှင့် အထက်ရှိ ကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသား လူမျိုး အသီးသီးက လူမျိုး တစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ”၊ ပုဒ်မ ၁၆၁ (ဂ) က “ပြည်နယ်များတွင် ထိုပြည်နယ်ရရှိ ပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန် တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သော လူဦးရေဖြစ်သည် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုည ဒသမ တစ် ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း  သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသား လူမျိုး အသီးသီးက လူမျိုး တစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ”။

ဆိုတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုခုမှာ လူနည်းစု တိုင်းရင်းသား ထဲက သတ်မှတ်လူဦးရေ ပြည့်ရင် တိုင်းရင်းသားရေးရာ အမတ်တစ်ယောက် ရပါတယ်။ ဥပမာ ကရင်ပြည်နယ်မှာ ဗမာ လူဦးရေ ၅၁၀၀၀ ကျော် (တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေ ၅၁ သန်းရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း) တဲ့ အတွက် ကရင်ပြည်နယ် မှာ ဗမာတိုင်းရင်းသားရေးရာ အမတ် ရှိပါတယ်။

ဒီလိုမျိုးပဲ ရန်ကုန်မှာ ရခိုင်တိုင်းရင်း သားရေးရာ အမတ်၊ ကရင်တိုင်းရင်းသား ရေးရာ အမတ်တွေ ရှိပါတယ်။

ဒါပေမဲ့ သူတို့ဟာ အမတ်ဖြစ်ရုံတင် မကပါဘူး။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသား ရေးရာဝန်ကြီးလည်း ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီး ချုပ်ဟာ ၀န်ကြီးတွေရွေးပုံရွေးနည်းကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၂ (က) မှာ ဖော်ပြထားပါတယ်။ အဲဒီမှာမှ ပုဒ်မခွဲ (၄) အရ စောနက တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်တွေ ကို ၀န်ကြီးအဖြစ် ရွေးရပါတယ်။

ပုဒ်မခွဲ (၄) က သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက် ရန်အတွက် ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ရယူရမည် လို့ ဆိုထားပါတယ်။

ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေမှာ ၀န်ကြီးတွေ ခန့်ချင် ရင် ၁) ပုံမှန်စီမံခန့်ခွဲရေး အလုပ်တွေအတွက် ၀န်ကြီးတွေကို ၀န်ကြီးချုပ်က ရွေးပါတယ်၊ ၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး နေရာအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ စာရင်းယူပါတယ် ၃) တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့  သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ထံက အဲဒီအဖွဲ့ ဥက်္ကဋ္ဌ အမည် စာရင်းကို ယူပါတယ်၊ အဲလို ဦးစီးအဖွဲ့ တွေ ရှိရင်ပေါ့လေ။ ၄) နောက်ဆုံးကတော့ စောနက ဖော်ပြခဲ့တဲ့ ပုဒ်မခွဲ (၄) အရ တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို ယူပါတယ်၊ အဲဒီသူတွေကို သမ္မတက ၀န်ကြီးအဖြစ် အတည်ပြုခန့်ရပါတယ်။

ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါတဲ့ တိုင်းရင်းသား ရေးရာ ၀န်ကြီးတွေဟာ (ပုံမှန်စီမံခန့်ခွဲရေး လုပ်ငန်းတွေ အတွက် ၀န်ကြီးတွေကို ခန့်သလိုမျိုး) ၀န်ကြီးချုပ်က ရွေးခန့်တာ မျိုး မဟုတ်ဘဲ တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်ကို ၀န်ကြီး အဖြစ်ခန့်ရတာမျိုးပါ။

အလွယ်နည်းနဲ့ ထပ်ရှင်းရရင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် မဲဆန်္ဒနယ်တွေမှာ လူနည်းစု တိုင်းရင်းသား တွေ သတ်မှတ်လူဦးရေပြည့်ရင် တိုင်း ရင်းသား လွှတ်တော် ကိုယ်စားလှယ်မဲပုံး ထောင်ရပါတယ်။ ဒါကြောင့် အချို့တိုင်း ရင်းသားတွေဟာ မဲလေးမဲ ပေးခွင့်ရှိပါ တယ်။ ဥပမာ ရန်ကုန်မှာ နေတဲ့ ကရင် တိုင်းရင်းသားဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် တို့အတွက် မဲသုံးမဲ အပြင် ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်အတွက် မဲတစ်မဲပါ ထပ် ပေးရပါတယ်။

အဲဒီလွှတ်တော်ကိုယ်စားလှယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ခန့်အပ် တာဝန်ပေးရတယ်။

ဒါကြောင့် ချုပ်ပြောရရင် တိုင်းရင်း သားရေးရာဝန်ကြီးနေရာဟာ ပြည်သူက တိုက်ရိုက်ရွေးတာ ဖြစ်ပါတယ်။ သူ့ တိုင်းရင်းသား အလုပ်တွေကို လုပ်ဖို့ သက်ဆိုင်ရာ တိုင်းရင်းသားတွေက တိုက် ရိုက်မဲပေးရွေးချယ်တာလို့ ဆိုနိုင်ပါတယ်။

အဲဒီ တိုင်းရင်းသားရေးရာ ၀န်ကြီး တွေကို အခြားတာဝန်တွဲပေးတာမျိုး ရှိပေမဲ့ (ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကို အလုပ် သမား ရေးရာကို တာဝန်တွဲဖက်ပေး တာမျိုး) အဓိကအလုပ်က သက်ဆိုင်ရာ တိုင်းရင်းသားအလုပ်တွေ ဖြစ်ပါတယ်။

ပြောချင်တဲ့ အဓိက ဆိုလိုရင်းက အဲဒီမှာ လာပါတယ်။

တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကို သူတို့ သက်ဆိုင်ရာ လူမျိုးစု တိုင်းရင်းသား ရေးရာ အလုပ်တွေ လုပ်ဖို့ မဲပေးရွေးထား တယ်။ အဲဒီ ၀န်ကြီးထွက်သွားပြီဆိုရင် ဘယ်သူက တာဝန်ယူလုပ်မလဲ။ သူက ၀န်ကြီး အဖြစ်ထွက်သွားပေမဲ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်တော့ ရှိနေဦးမှာ ဖြစ်ပေမဲ့ တိုင်းရင်းသားရေးရာတွေကို စီမံအုပ်ချုပ်ရေးအလုပ်ကနေ လုပ်ရမယ့် အလုပ်တွေ (၀န်ကြီးအလုပ်တွေ) ကို ဘယ်သူက လုပ်ပေးမလဲ။

အခြားဝန်ကြီးတစ်ယောက်ကို တာဝန်ပေးမလား။ ဒါကလည်း မဟုတ် ပြန်ဘူး။ ဘာလို့ဆို ဒီအလုပ်အတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ကို တာဝန်ပေးရမယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားတာကိုး။

ဒါမှမဟုတ် အဲဒီဝန်ကြီးနေရာအတွက် ရွေးကောက်ပွဲ ပြန်လုပ်မလား။ ဒီလိုလည်း မရပြန်ဘူး။ ဟိုထွက်သွားတဲ့ သူက ၀န်ကြီး အဖြစ်ကနေသာ ထွက်သွားတာ လွှတ်တော် ကိုယ်စားလှယ် အဖြစ်တော့ ဆက်ရှိနေဦး မယ်။

ဒီအတိုင်းကြီး ထားလိုက်ပြန်ရင် လည်း တိုင်းရင်းသားရေးရာ အလုပ် တွေကို စီမံခန့်ခွဲမဲ့သူက မရှိတော့ဘူး။ သက်ဆိုင်ရာ တိုင်းရင်းသားတွေက နစ်နာသွားပြီ။ 

အခုဆို ဒီမေလက ကရင်ပြည်နယ် အစိုးရအဖွဲ့ထဲက ဗမာတိုင်းရင်းသား ရေးရာ ၀န်ကြီးကို ထွက်ခွင့်ပေးလိုက်တော့ ကရင်ပြည်နယ်ထဲက ဗမာတိုင်းရင်းသား တွေအရေးလုပ်မယ့် ၀န်ကြီး မရှိတော့ဘူး။ သူတို့အတွက် နစ်နာသွားပြီ။ လစ်ဟာ သွားပြီ။

ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ၀န်ကြီးကို ထွက်ခိုင်းရတော့မယ်၊ မထွက် ခိုင်းလို့လည်း မရဘူးဆိုရင် ဘယ်လို လုပ်မလဲ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေရဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးကို ဘယ်လို ခန့်ရမယ်ဆိုတာကို တိတိကျကျ နဲ့ သီးခြား ပြဋ္ဌာန်းထားပေမဲ့ ထွက်ခွင့် ပြုတာ၊ နုတ်ထွက်စေတာ၊ ရပ်ဆိုင်းတာ၊ အစားထိုးတာ၊ ဖြည့်စွက်တာနဲ့ ပတ်သက် ပြီး သီးခြား ရေးထားတာမရှိပါ။

ပုဒ်မ ၂၆၄ မှာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီး နုတ်ထွက်၊ ရပ်စဲ၊ လစ်လပ်နေရာ ဖြည့်စွက် ခြင်းကို ဖော်ပြထားပေမယ့် တိုင်းရင်းသား ရေးရာ ၀န်ကြီးနေရာကိုတော့ ဘယ်လို လုပ်မလဲဆိုတာ ပါတာ မတွေ့ရပါဘူး။

တိုင်းရင်းသားရေးရာဝန်ကြီးတွေက ထွက်ခွင့်ပေးလိုက်ရင်လည်း ပြန်အစား ထိုးရခက်၊ ၀န်ကြီးတစ်ယောက်ယောက် ကို ထွက်ချင်လို့ ထွက်လို့မရဘူး၊ ထွက် စေလို့ မရဘူးလို့ ထားထားတာကလည်း သဘာဝက မကျ။

ဒီအတိုင်းထားလိုက်ပြန်ရင်လည်း သူ့တိုင်းရင်းသားအရေးလုပ်မဲ့ ၀န်ကြီးက မရှိတော့။

ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ထဲက တိုင်းရင်းသားရေးရာ ၀န်ကြီး အရေးဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထပ်ဖြည့်၊ ထပ်ပြင်ဖို့ အရေးကြီးတဲ့ နောက်ထပ် ကိစ္စတစ်ခု ဖြစ်ပါတယ်။

အထွက်လွယ်၊ ပြန်အစားထိုးဖို့ခက်၊ ဒီအတိုင်းထားရင်လည်း မဟုတ်ပြန် ဆိုတဲ့ ၀န်ကြီးနေရာအတွက် သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရှင်များနဲ့ အခြေခံဥပဒေပြင်ရေး လုပ်ဆောင်နေ ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ စဉ်းစား ကြနိုင်ဖို့ပါ။     

ခွန်းသု