ဦးဝီရသူ အတွက်ဆုတောင်းပွဲ ထားဝယ်တွင်ပြုလုပ်

0
7024

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော်ဦးဝီရသူအပေါ် အပြစ်ဒဏ်လျော့နည်းစေရေးအတွက်ရည်ရွယ်၍ ဆုတောင်းပွဲကို ဇွန်လ ၃ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည်။

ဗုဒ္ဓသာသနာတော်၊ ပြည်သူပြည်သားများ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံတော်တို့အတွက် ကောင်းမွန်စေရန်နှင့် ဆရာတော်ဦးဝီရသူ အတွက် ဆုတောင်းမေတ္တာပို့သခြင်းဖြစ်ကြောင်း ဆုတောင်းပွဲ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့်  ပန်းသုံးဝကျောင်းဆရာတော်  ဦးကုသလက မိန့်သည်။

“တစ်နိုင်ငံလုံးရဲ့ မျိုးချစ်၊ ဘာသာချစ်၊ သာသနာချစ်ဆရာတော် ဘန္ဒန္တဝိစိတ္တာ ဘိဝံသ ဆရာတော် ဝီရသူ အခုလတ်တလောပြစ်ဒဏ်ခံရမယ့် ဝရမ်းထုတ်ထားတဲ့ဟာမှာ ဆရာတော် အပြစ်ဒဏ်သက်ရောက်မှုတွေ လျော့နည်းပါစေ အဲဒီလို ရည်ရွယ်ပြီး ဆုတောင်းမေတ္တာပို့သတဲ့ပွဲဖြစ်ပါတယ်” ဟု ဦးကုသလက မိန့်သည်။

ဆုတောင်းပွဲကို ပန်းသုံးဝကျောင်းနှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းရှိ ရွှေတောင်စားစေတီရင်ပြင်တွင် ပြုလုပ်ခဲ့ပြီး ရဟန်း၊ သံဃာ နှင့် လူပုဂ္ဂိုလ် ရာချီ ပါဝင်ဆုတောင်းခဲ့ကြသည်။