နှစ်ပေါင်းနှစ်ဆယ်အတွင်း ဟိန္ဒားသတ္တုတွင်းမှ ခဲမဖြူ မက်ထရစ်တန်ချိန် ရှစ်ထောင်ကျော် ထုတ်ယူခဲ့ဟုဆို

0
987

ထားဝယ်ခရိုင်အတွင်းရှိ ဟိန်္ဒားသတ္တု တွင်း စတင်လုပ်ကိုင်ချိန်မှ လက်ရှိအချိန်ထိ နှစ်ပေါင်းနှစ်ဆယ်အတွင်း ခဲမဖြူ မက်ထရစ်တန်ချိန် ရှစ်ထောင်ကျော် ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်းထံမှ သိရသည်။

ဟိန္ဒားသတ္တုမိုင်းကို မြန်မာပွန်ပီပက် ကုမ္ပဏီက ၁၉၉၉ ခုနှစ်တွင် စတင်လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။ ( ၁ မက်ထရစ်တန်သည် ၂၂၀၄ ပေါင်နှင့် ညီမျှသည်။)

၁၉၉၉-၂၀၀၀ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလအထိ ခဲမဖြူမက်ထရစ်တန်ချိန်  ၈ ထောင်ကျော် (၈၅၂၅. ၂၀၂၉ တန်) ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်မှုအပေါ် ကုမ္ပဏီက ၆၅ ရာခိုင်နှုန်းနှင့် အစိုးရက ၃၅ ရာခိုင်နှုန်းခံစားခွင့် ခွဲဝေကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်း၏ စာရင်းအရ သိရသည်။

ယင်းပမာဏအရ အစိုးရက ခဲမဖြူ မက်ထရစ်တန်ချိန် ၃ ထောင်နီးပါး (၂၉၈၃.၈၂၁၀) တန်ရရှိခဲ့ပြီး ကုမ္ပဏီဘက် က တန်ချိန် ၅ ထောင်ကျော် (၅၅၄၁.၃၈၁၉ တန်)ကို ခွဲဝေရရှိခဲ့ပြီး ဖြစ်သည်။

ကုမ္ပဏီက ခွဲဝေရရှိသည့် ခဲမဖြူ သတ်္တုများကို ထိုင်းနိုင်ငံသို့ သယ်ယူ ကြောင်း အမှတ်(၂)သတ္တုတွင်း အထွေထွေ မန်နေဂျာ ဦးခင်ဖေက ဆိုသည်။

“ယခင်တုန်းကတော့ မြိတ်ကနေ တစ်ဆင့် ရေကြောင်းက သယ်တာ၊ အခုကျတော့ ထီးခီးလမ်းကတစ်ဆင့် သယ်တာ ပေါ့”ဟု ဦးဖေခင်က ပြောသည်။

ဟိန္ဒားသတ္တုတွင်းတွင် မြန်မာပွန်ပီပက် ကုမ္ပဏီ၏ ထုတ်လုပ်ခွင့် သက်တမ်းမှာ လာမည့် ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ(MPC)က သတ္တုထုတ်လုပ်ခဲ့သည့်ကာလတစ်လျှောက် အတွင်း စည်းကမ်းမဲ့ သတ္တုထုတ်လုပ်မှုများကြောင့် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်များ၊ ချောင်းများ၊ ဒေသခံတို့၏ အိမ်မြေ၊ သောက်သုံးရေတွင်းများ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ပျက်စီးခဲ့ရပြီး ကုမ္ပဏီနှင့် ရွာသားများအကြား တရားစွဲဆို မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒား သတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒဿမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ အထိ ၁၅ နှစ်တိတိလည်း ကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လ ကုန်အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့် ရရှိထားပြီး စည်းကမ်းပျက် သတ္တုထုတ်မှုကြောင့် ယခုအစိုးရလက်ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်း ခံခဲ့ရသည်။

ကုမ္ပဏီက သတ္တုထုတ်လုပ်မှုကြောင့် ပျက်စီးမှုများအား ပြန်လည်ကုစားနိုင်ရေး၊ ပျက်စီးသွားသော ချောင်းများအား မူလ အနေအထားနီးပါး ပြန်လည်ပြုပြင်ပေး ရေး၊ ရေတွင်းများ ပျက်စီးသွားသော မြောင်းပြိုရွာအတွက် သောက်သုံးရေ ရရှိရေး တို့ကို ကုမ္ပဏီဘက်မှ ဒေသခံများနှင့် ညှိ  ဆာင်ရွက်ပေးရန်တို့ကို ဆောင် ရွက်ပေးခြင်း မရှိသေးသရေ သက်တမ်း တိုးပေးခြင်း မပြုရန် ဒေသခံများက လက်မှတ်ထိုးကာ ပြည်ထောင်စုအစိုးရထံ တောင်းဆိုထားသည်။

ကိုဇော်