ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစစ်

0
504

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း အပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေ တစ်ခုတွင် အပန်းဖြေစခန်းဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက် သူများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စတင်စစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။

တွေ့ရှိချက်အစီရင်ခံစာကို ဇွန်လအတွင်း တင်ပြမည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။

အပန်းဖြေစခန်းဆောက်ရန်အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊  ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီးရှိ ကျွန်းတစ်ကျွန်းနှင့် ပညစ်ကျွန်းတို့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီများက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီထံ ယမန်နှစ်က လျှောက်ထားကြသည်။

အဆိုပါ လျှောက်ထားမှုအပေါ် ဒေသခံများက ကန့်ကွက်ကြသည့်အတွက် သရက် ချောင်းမြို့နယ် မြေစာရင်းဦးစီးမှူး ပါဝင်သည့် သီးခြားအဖွဲ့က လျှောက်ထားသူနှင့် ကန့်ကွက်သည့် ဒေသခံများကို စစ်ဆေး နေခြင်း ဖြစ်သည်။

သီးခြားအဖွဲ့တွင် မြေစာရင်းဌာန၊ စိုက်ပျိုး ရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဌာန၊ စီမံကိန်းဌာန၊ ထွေအုပ်ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သရက်ချောင်းမြို့နယ် မြေစာရင်းဌာနထံမှ သိရသည်။

မြေလျှောက်ထားသူနှင့် ကန့်ကွက်သူများ ကို မေလ ၂၅ ရက်က စတင်စစ်ဆေးခဲ့ပြီး ဇွန်လ ၁ ရက်တွင်လည်း ဆက်လက်စစ် ဆေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့ နယ် မြေစာရင်းဦးစီးမှူး ဦးမြင့်ကိုကိုက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ် ရန် လျှောက်ထားသည့် နေရာလေးခုအနက် လက်ရှိတွင် ပဲ့စင်ကျွန်းတစ်ခုအတွက်သာ စစ်ဆေးနေပြီး ကျန်သည့်နေရာများကို တစ်ခုချင်း ဆက်စစ်မည်ဖြစ်ကြောင်း ၎င်းင်း က ပြောသည်။

ကုမ္ပဏီများလျှောက်ထားသည့် နေရာတစ်ခုချင်းအလိုက် အထက်ပါသီးခြားအဖွဲ့ က စစ်ဆေးပြီး အဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်များကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီထံ ဇွန်လအတွင်း တင်ပြမည် ဖြစ်ကြောင်း ဦးမြင့်ကိုကိုက ဆိုသည်။

“စစ်ပြီးမှပဲ ကျွန်တော်တို့အဖွဲ့က တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြု ချက်တွေနဲ့ တင်ရတယ်”ဟု ဦးမြင့်ကိုကိုက ပြောသည်။

အဆိုပါကျွန်းများတွင် ဒေသခံရေလုပ် သားများအနေဖြင့် လှိုင်းလေကြီးချိန်တွင် နားခိုနိုင်ခြင်း၊ သောက်သုံးရေ၀င်ခပ်ခြင်းနှင့် ကျွန်းအနီးတစ်ဝိုက်တွင် ငါးဖမ်းခြင်းတို့ကို လုပ်ဆောင်နေရပြီး အဆိုပါကျွန်းများ သည် သဘာဝဘေးအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်သည့်အတွက် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ဧက ၁၄၀ ရှိ  ပဲ့စင်ကျွန်းကို Excellent Fortune Development Group ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့်လည်းကောင်း၊  ဧက ၁၃၈ ရှိသည့် ကျောက်တွင်းကမ်းခြေကို ရတနာစိုင်းကျောင်းမြတ်ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြစ်လည်းကောင်း လျှောက်ထားခဲ့သည်။

၎င်းအပြင် စမ်းလှမ်းကမ်းခြေအနီး က ၇ ဒဿမ ၉၈ ဧက ရှိ ကျွန်းကို First Golden Dragon Construction ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြစ် လည်းကောင်း၊ ၁၂ ဧက နီးပါးရှိသည့် ပညစ်ကျွန်းကို စိုးနိုင်ဖြိုးကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီအမည်ဖြစ် လည်းကောင်း လျှောက်ထားခဲ့သည်။

ယင်းအပြင် ကျောက်တွင်းကျေးရွာရှိ ပင်လယ်ကမ်းခြေတွင် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း ၃၇၀ ဧကပေါ်တွင် NAN YIN MON AUNG GEMS ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လုပ်ကိုင်ခွင့် ထပ်လျှောက်ထားသည်။     

Dawei Watch