အလုပ်သမား တစ်ထောင်နီးပါး အလုပ်ရစေမည့် ရင်းနှီးမြှုပ်နှံမှု နှစ်ဆယ်ကျော် ခွင့်ပြု

0
446

တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းပြီး အချိန် ၂ နှစ်ခန့်အတွင်း အလုပ်သမား တစ်ထောင်နီးပါးကို အလုပ်အကိုင် ပေးနိုင်မည့် လုပ်ငန်းအရေအတွက် နှစ်ဆယ်ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

အလုပ်သမားတစ်ထောင်နီးပါး အလုပ်ရစေမည့် လုပ်ငန်း ၂၁ ခုကို ခွင့်ပြု လိုက်ခြင်းဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊ လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ မှိုင်းခံ ရော်ဘာထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ပါဝင်သည်။

အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင် ခွင့် (အတည်ပြုမိန့်) ပေးနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ TRIC ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက် ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း ၂၁ ခု အနက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁၈ ခုရှိပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် လုပ်ကိုင်သည့် လုပ်ငန်း ၃ ခုပါဝင်ကြောင်း TRIC ၏ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

လက်ရှိတွင် အတည်ပြုမိန့်ထုတ် ပေးရန် စိစစ်ဆဲလုပ်ငန်း ၂၅ ခုခန့် ကျန်နေသေးပြီး အထက်ပါလုပ်ငန်းများမှ အလုပ်သမား နှစ်ထောင်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။

စိစစ်ဆဲလုပ်ငန်းများတွင် ဟိုတယ် လုပ်ငန်း၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပါဝင်ကြောင်း ၎င်းက ပြောသည်။

“စိုက်ပျိုးရေးလုပ်ငန်းဆိုရင် လူသုံးရာလောက် ခန့်မယ်လို့ ပြောထားတယ်”ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။

လက်ရှိတွင် TRIC ၏ အတည်ပြု မိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၂၁ ခု၏  ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ်သန်းပေါင်း ၃၄၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၃ သန်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ စာရင်းအရ သိရသည်။

ကိုဇော်