တနင်္သာရီမြို့အား မိုးလေ၀သ ကြေညာသည့် အစီအစဉ်တွင် ထည့်သွင်းပေးရန် တောင်းဆို

0
731
ဓာတ်ပုံ - ကိုအောင်ကျော်ဟိန်း

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များမှ အခြားမြို့များနည်းတူ တနင်္သာရီမြို့ကိုပါ မြန်မာ့ရုပ်မြင်သံကြား၏ မိုးလေ၀သ အခြေအနေ အစီအစဉ်တွင် ထည့်သွင်း ကြေညာပေးရန် တနင်္သာရီ ဒေသခံတစ်ဦးက တောင်းဆိုလိုက်သည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ မေလ ၂၃ ရက်က  တနင်္သာရီ မြို့သို့ ရောက်ရှိစဉ် ဒေသခံတစ်ဦးက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီမြို့သည် နှစ်စဉ်ရေကြီးလေ့ရှိပြီး နိုင်ငံတော် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ သတင်းကြိုတင်ထုတ်ပြန်ချက် မရှိသည့်အတွက် ကြိုတင်ပြင်ဆင် ခွင့်မရခဲ့ဟု တိုင်းအစိုးရအဖွဲ့သို့ တင်ပြခဲ့ သည့် တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်နေ ဦးဟုန်ရွှေက ပြောသည်။

ယင်းကြောင့် မြစ်ရေ ရုတ်တရက် ကြီးသည့် ဘေးအန်္တရာယ်နှင့် ရင်ဆိုင်နေရ သည်ဟု ၎င်းင်းက ဆိုသည်။

တနင်္သာရီမြို့အတွက် မိုးလေ၀သ အခြေအနေကို မကြေညာသည့်အတွက် ထားဝယ်မြို့အတွက်ကြေညာသည့် မိုးလေ၀သ အခြေအနေကိုသာ စောင့်ကြည့် ၍ ဘေးလွတ်ရာသို့ နေရသည်ဟု ဦးဟုန်ရွှေ က ပြောသည်။

“ထားဝယ်မိုးရေချိန်ကိုပဲ လောလောဆယ် အားကိုးနေရတယ်။ ဖြစ်နိုင်မယ်ဆို ရင် တနင်္သာရီမြစ်ရေကြီးမှု၊ မိုးရွာသွန်းမှု ဒါတွေကို ဒီမှာရုံးဖွင့်ပြီး သီးသန့်ကြေညာ ပေးရင် ပိုကောင်းတာပေါ့။ ရေဘယ်လောက် ကြီးမယ်ဆိုတာ မသိရတော့ စိုးရိမ်ရတာပေါ့”ဟု တနင်္သာရီမြို့ခံတစ်ဦးဖြစ်သည့် ကိုမျိုးသိမ်းက ဆိုသည်။

တနင်္သာရီမြို့အား အဓိက ရေကြီးမှု ဖြစ်စေသည့် မြစ်မှာ တနင်္သာရီမြစ် ဖြစ် သည်။ ထားဝယ်မြို့နယ် မေတ္တာမြို့အနီးတွင် ခမောင်းသွယ်ချောင်းနှင့် ဘန်းချောင်းတို့ ပေါင်းဆုံ၍ တနင်္သာရီမြစ် စတင်စီးဆင်းသည်။

ယင်းကြောင့် ထားဝယ်မြို့နယ်တွင် မိုးရွာသွန်းမှုများပြားပါက တနင်္သာရီ မြစ်အတိုင်း စီးဆင်းကာ တနင်္သာရီမြို့တွင် ရေကြီးလေ့ ရှိသည်။

ဦးဟုန်ရွှေ၏ တောင်းဆိုချက်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟုသာ ပြောဆိုခဲ့သည်။ မည်သို့ ဆောင်ရွက်ပေးမည်ဆို သည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ 

မြန်မာ့ရုပ်မြင်သံကြားရုပ်သံလိုင်း၏ မိုးလေ၀သအခြေအနေ အစီအစဉ်တွင် တနင်္သာရီမြို့၏ မိုးလေ၀သအခြေအနေကို ကြေညာပေးရန်အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ၀န်ကြီးဦးအောင်သူရက ပြောဆိုခဲ့သော်လည်း လက်ရှိ တနင်္သာရီမြို့တွင် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးပင် မရှိသေးပေ။

တနင်္သာရီ၊ ပုလောနှင့် ကျွန်းစုတို့ တွင် ယခုနှစ်အတွင်း ကမာ်္ဘ့ဘဏ်အစီ အစဉ်ဖြင့် အလိုအလျောက် မိုးလေ၀သ တိုင်းထွာရေး စက်များ တပ်ဆင်ရန်ရှိ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန မြိတ်ခရိုင်ရုံးထံမှ သိရသည်။

“ဒီနှစ်အတွင်း လာတပ်မယ်လို့ သိရတယ်။ ဘယ်အချိန်လာမလဲတော့ အတိအကျ မသိသေးဘူး”ဟု အထက်ပါရုံးမှာ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တနင်္သာရီဒေသခံများ မှာ ထားဝယ်မြို့အတွက် ကြေညာသည့် မိုးရွာသွန်းမှုအခြေအနေကို စောင့်ကြည့် နေရသည့်အတွက် တစ်ဆင့်ခံစောင့်ကြည့် နေရသည့် သဘောဖြစ်နေကြောင်း ချောင်း ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောသည်။

“မိုးလေ၀သတိုင်းတာတဲ့ ရုံးတွေ ဖွင့်ပြီး အချိန်နဲ့ တစ်ပြေးညီကြေညာပေးမယ် ဆိုရင် ပိုပြီးတော့ ကြိုတင်ကာကွယ်မှု အပိုင်းတွေ လုပ်နိုင်တာပေါ့။ သတင်း အချက်အလက် မြန်မြန်သိလေ ဒေသခံတွေ အတွက်အကျိုးရှိလေပဲ။ ကြိုတင်မသိတော့ အခက်အခဲတွေ ဆုံရှုံးမှုတွေတော့ ပိုများ တာပေါ့”ဟု ဦးရဲဝင်းက ဆိုသည်။

တနင်္သာရီမြို့နယ်တွင် ယမန်နှစ် မိုးရာသီအတွင်း ၂ လခန့်ဆက်တိုက် ရေကြီးရေလျှံခဲ့ပြီး အန်္တရာယ်ရေမှတ် ၂၄ ပေ သတ်မှတ်ထားသော တနင်္သာရီမြို့သည် မြစ်ရေ ၂၇ ပေကျော်ထိ မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့သည်။

အိမ်ခြေ တစ်ထောင်ကျော်(၁၁၇၀) ရှိသော တနင်္သာရီမြို့၌ အိမ်ခြေ ခြောက်ရာ ကျော်(၆၂၃)ရက်တို၊ ရက်ရှည် ရေဘေးသင့် နေခဲ့သည်။ ရေကြီးနစ်မြုပ်မှုကြောင့် လယ်ယာမြေများလည်း ဧကများစွာ ဆုံးရှုံး ခဲ့သည်။

တနင်္သာရီမြို့သည်  ၁၉၉၄ ခုနှစ်တွင် ထူးကဲမြစ်ရေအဖြစ် ၃၆ ပေ ၃ လက်မ အထိ ကြီးဖူးကာ၊ ၂၀၀၄ ခုနှစ်တွင်တစ် ကြိမ်၊ ၂၀၁၃ တွင် တစ်ကြိမ် မြစ်ရေကြီးဖူးကြောင်းနှင့် မှတ်တမ်းတိတိကျကျမရှိ သော်လည်း ယင်းခုနှစ်များမတိုင်မီကလည်း မြို့ရေနစ်သည့်အခါများရှိခဲ့ဖူးသည် ဟု သိမီသူများက ပြောဆိုကြသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် ရေပညာရှင်တို့က လက်ရှိ ကမ္ဘာ့ရာသီဥတု အခြေအနေအရသော်လည်းကောင်း၊ တနင်္သာရီမြို့၏ လက်ရှိအခင်းအကျင်းအရသော်လည်းကောင်း မြို့ရေနစ်မှုက တစ်နှစ်ထက်တစ်နှစ်သာ ပိုလာဖွယ်ရှိကြောင်း ပြောဆိုထားသည်။

Dawei Watch