ငါးမန်း၊ ငါးလိပ်ကျောက်ထိန်းသိမ်းရေး စီမံချက်ရေးဆွဲ

0
1415
ဓာတ်ပုံ - ရဲထွဋ်

ပင်လယ်ပြင်တွင် ငါးမန်းနှင့် ငါးလိပ်ကျောက် ထိန်းသိမ်းရေးလုပ်ဆောင်ရန် စီမံချက်မူကြမ်းကို ရေးဆွဲထားပြီးဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်က ပြောသည်။

ငါးမန်းနှင့် ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး စီမံချက်မူကြမ်းကို ပင်လယ် နှင့် ထိစပ်နေသည့် တိုင်းနှင့် ပြည်နယ် များသို့ သွားရောက်ကာ ရှင်းလင်းနေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆိုသည်။

အမျိုးသားအဆင့် စီမံချက်မူကြမ်းကို ယခုနှစ်အတွင်း ရေးဆွဲထားပြီး တိုင်း နှင့် ပြည်နယ်များရှိ ဒေသခံများကို အသိပေး ရှင်းလင်းပြီး ၎င်းတို့ထံမှ အကြံဥာဏ်ရယူကာ ဖြည့်စွက်မှုများ လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

စီမံချက်မူကြမ်း ရှင်းလင်းအသိပေး ခြင်းကို ပထမဆုံးအကြိမ်အဖြစ် မေလ ၃၁ ရက်က တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည်။

အထက်ပါစီမံချက်မူကြမ်းကို အဆင့် ဆင့် ဆွေးနွေးကာ လာမည့် ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း အတည်ပြုနိုင်မည် ဖြစ်ကြောင်း ဦးမြင့်ဇင်ထူးက ဆိုသည်။

ငါးမန်းဖမ်းဆီးခြင်းကို ဥပဒေအရ တားမြစ်ထားပြီး ငါးလိပ်ကျောက်ဖမ်းဆီး ခြင်းကိုမူ တရားဝင် တားမြစ်ထားခြင်း မရှိသေးပေ။ ယင်းကြောင့် ဒေသခံများ ငါးလိပ်ကျောက်ဖမ်းဆီးမှုကို လျှော့ချရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ချက်ချင်းကြီး Stop ဆိုတဲ့ ပုံစံမျိုး မရပ်နိုင်ရင်တောင်မှ လျှော့ချရမယ်၊ သူတို့  ပိုက်တွေ မျှောပိုက်တွေမှာ မိလာတဲ့ လုံးဝ ရှားပါးပြီး မျိုးသုန်းလုနီးပါးနဲ့ ရင်ဆိုင် နေရတဲ့ဟာတွေဆိုရင်တော့ သူတို့အနေနဲ့ လွှတ်ပေးဖို့ လိုမှာဖြစ်ပါတယ်”ဟု ဒုညွှန်ချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

ငါးမန်းနှင့် ငါးလိပ်ကျောက် ထိန်းသိမ်း ရေးစီမံချက်ကို ငါးဖမ်းလုပ်သားများ လိုက်နာရန်ကျင့်ဝတ်တစ်ခုအနေဖြင့် လိုက်နာ လာစေရန် ပညာပေးစည်းရုံးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးမြင့်ရွှေက ဆိုသည်။

တနင်္သာရီတိုင်းရေပြင်တွင် ငါးလိပ်ကျောက် အမျိုးအစား ၁၀ မျိုးခန့်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“အားလုံးကို မကာကွယ်ဘဲနဲ့ အဓိက ကျတဲ့ဟာ ဥပမာအားဖြင့် လိပ်စွန်ကို ထိန်းမလား၊ အဲဒီငါးဖမ်းကိရိယာတွေကို ဘယ်လိုလျှော့ချမလဲ ဒါမျိုးတွေက (စီမံချက် မှာ) ဒီရလဒ်တွေ ထွက်လာမှာပေါ့”ဟု ဦးမြင့်ရွှေက ပြောသည်။

ကမ်းနီးမျှောပိုက်လှေအများစုက ငါးမဲလုံး (တူနာငါး)အမျိုးအစားများကို အဓိက ထားဖမ်းဆီးပြီး ငါးမန်းနှင့် ငါးလိပ် ကျောက်များက ငါးဖမ်းပိုက်အတွင်းဝင် ငြိ၍ သေဆုံးကာပါလာတတ်ကြောင်း ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တစ်ဦးဖြစ်သည့် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာနေ ဦးတင်စိုးက ဆိုသည်။

“လာတိုးရင် စရိတ်ပဲ ကာမိစေဆိုမျိုး နဲ့ ယူလာကြတာပဲ”ဟု ဦးတင်စိုးက ပြောသည်။

 ဦးတင်စိုးသည် ဒိန်းမတ်အစိုးရ၏ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် နေသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း စည်းရုံးရေးဦးဆောင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

ငါးလိပ်ကျောက်(လိပ်စွန်)ကို ခေတ်မီ ငါးဖမ်းကိရိယာများတပ်ဆင်ထားသည့် ငါးဖမ်းလှေကြီးအချို့ကသာ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုများရှိကြောင်း ၎င်းက ဆိုသည်။

မျိုးတုန်းရှားပါးပျောက်ကွယ်လု ဖြစ်နေသည့် ငါးမန်းမျိုးစိတ်အားလုံး၊ ပင်လယ်လိပ်၊ လင်းပိုင်၊ ဝေလငါး၊ ရေ၀က်၊ ရေနဂါး၊ ရေအောက် သန္တာကျောက်ခက် ကျောက်တန်းများကို ဖမ်းဆီးခြင်း၊ ၀ယ်ယူ စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရန် ဥပဒေအရ တားမြစ်ထားသည်။

Dawei Watch