ရှစ်လအတွင်း ထီးခီးနယ်စပ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်ရှိ

0
498

အချိန်ရှစ်လတာကာလအတွင်း ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်ရှိကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန စာရင်းအရ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ယခုနှစ် မတ်လအထိ ပြုလုပ်ခဲ့သည့် ကုန်သွယ် မှု ပမာဏဖြစ်ပြီး ပို့ကုန် အမေရိကန် ဒေါ်လာ  ၆.၀၇၃ သန်းနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၀.၄၃၄ သန်းရှိကြောင်း အထက်ပါ ရုံး စာရင်းအရ သိရသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ငါး၊ ကင်းမွန်အစရှိသည့် ရေထွက်ကုန် ပစ်္စည်းများကို အဓိကထားတင်ပို့ပြီး သွင်း ကုန်အဖြစ် ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးဂက်စ်ကို တင်သွင်းကြောင်း ထီးခီးနယ်စပ်ကုန်သည်အသင်း(ယာယီ) ၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဆိုသည်။

လက်ရှိတွင် ထီးခီးနယ်စပ်နှင့် ထားဝယ်မြို့သို့ ကုန်ပစ်္စည်းတင်ပို့မှုနှင့် တင်သွင်းမှုကို မချိတ်ဆက်နိုင်သည့်အတွက် ကားခ ကျသင့်ငွေမှာ ပုံမှန်ထက် နှစ်ဆနီးပါး ဈေးမြင့်နေကြောင်း ၎င်းက ပြောသည်။

“ထီးခီးလမ်းကောင်းသွားရင် ထားဝယ် မြို့အတွက် သုံးကုန်တွေကို ဒီလမ်းက စီးဆင်းနိုင်မယ်”ဟု ဦးမြင့်ဆွေက ဆိုသည်။

၂၀၁၇ ခုနှစ်က ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃.၇၃၁ သန်းရှိပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၃၈၉ သန်း ရှိကြောင်း မြို့နယ်အကောက်ခွန်ရုံး စာရင်းအရ သိရသည်။

ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

Dawei Watch