အခြေခံ

0
469
editorial

လူအဖွဲ့အစည်းအတွင်းတွင် စောင့်စည်းလိုက်နာသင့်သည့် အခြေခံများကို မလိုက်နာ မကျင့်ကြံသည့် အခြေအနေမျိုးသည် ဘ၀လုံခြုံမှု မရှိဟု ခံစားရသည့် ခံစားမှု အများဆုံး ဖြစ်သည်။

အခြေခံဟုဆိုလိုက်သည်နှင့် နက်နဲခက်ခဲသည့် အရာများကို မဆိုလိုကြောင်း သဘောပေါက်ပြီးသား ဖြစ်ပေမည်။

စားစရာသည် စား၍ ရသည့် အနေအထားဖြစ်ရမည်။ စားသုံးရန်မသင့်ဟူသော အစားစာများ မဖြစ်စေရ။

သို့သော် ယနေ့ လူအဖွဲ့အစည်းတွင် စားသုံးရန် မသင့်ဟု ကြေညာနေရသည့် အစားအစာများ နည်းနည်းနောနောမဟုတ်ပေ။

ဖုန်းတိုင် ဓာတ်မီးတိုင်များကို ရေမြောင်းထဲစိုက်၊ လမ်းနှင့် မလွတ်မကင်းစိုက်၊ အိမ် အ၀င်ပေါက်များတွင် စိုက်သည့် အခြေအနေမျိုးကလည်း လိုက်နာကျင့်သုံးအပ် သည့် အခြေခံများကို မလိုက်နာသည့်အတွက် ဖြစ်သည်။

ရေမြောင်းတွင် ဖုန်းတိုင်စိုက်ပါက ရေမြောင်းပိတ်မည်၊ အဆီးအတားဖြစ်မည် ကို လူတိုင်း သိပါသည်။ သို့သော် ကိုယ့်အိမ်ရှေ့မြောင်း မဟုတ်တော့ စိုက်ချင်သလို စိုက်သည်။

အိမ်အ၀တွင် တိုင်စိုက်မိက အိမ်သူအိမ်သားများ ၀င်ထွက်သွားလာရ ခက်မည်ကို သင်စရာမလိုဘဲ သိပါသည်။ သို့သော် ကိုယ့်အိမ်ရှေ့ မဟုတ်တော့ စိုက်ကြသည်။

လမ်းနှင့် မလွတ်မကင်း စိုက်ခြင်းသည်လည်း ထိုနည်း လည်းကောင်းပင်။

လူ့အသိုင်းအ၀ိုင်းတွင် ရှင်သန်သည့်အခါ တကယ့်အခြေခံလေးတွေကို လိုက်နာ တတ်ကြပါက ပြဿနာ အတော်များများကို ငြိမ်းပြီးသား ဖြစ်သွားမည်ဖြစ်ပါသည်။

ဥပမာ အများသူငါ အိပ်နေချိန် ဆူညံပွက်လောရိုက် မလုပ်တာမျိုးသည်လည်း အခြေခံ လိုက်နာသင့်သည့် အရာဖြစ်သည်။ ဆူညံမှုသည် အိပ်စက်နေသူကို အနှောင့် အယှက် ဖြစ်ကြောင်း လူတိုင်း နားလည်ပါသည်။

သို့သော်ကျင့်ကြံလိုက်နာမှု မရှိပေ။

သတိလက်လွတ်ဖြင့် ပြုမူကြသည်။

အထက်ပါ အခြေခံများ နားလည်ကျင့်သုံးတတ်ရန် မိသားစုနှင့် စာသင်ကျောင်း များက အကောင်းဆုံးဖြစ်မည် ထင်ပါသည်။

သင်နေ ပြောနေရုံသာမကပဲ လက်တွေ့ ကျင့်ကြံအားထုတ်သွားကြသည်အထိ လုပ်စေချင်သည်။

(အယ်ဒီတာ မေ ၂၅၊ ၂၀၁၉)