ရိုင်းပြတဲ့သူနဲ့ တွေ့သည့်အခါ

0
737

လူတိုင်းဟာ ဘ၀မှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ရိုင်းပြတဲ့သူတွေနဲ့ ကြုံ တွေ့ရလေ့ ရှိပါတယ်။ ကိုယ်တိုင်လည်း တစ်ခါတလေမှာ သတိလက်လွတ်ဖြစ်ပြီး ရိုင်းပြမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။

ဆိုတော့ ရိုင်းပြတဲ့သူတွေနဲ့ ကြုံရရင် ကျွန်တော်တို့ ဘာလုပ်မှာလဲ။ ဘာမှ ကြိုတင် တွေးထားတာမျိုး မရှိရင်တော့ အဆင်ပြေသလို ကြည့်ရှင်းလိုက်တာပါပဲ။ ပြေတဲ့အခါလည်းရှိ မပြေတဲ့အခါလည်း ရှိပေါ့။

ဆိုရင် ကြိုကြိုတင်တင် တွေးထား လေ့လာထား သိထားရင် မကောင်းဘူးလား။

ကြည့်ကြရအောင်ပါ။

၁) ကိုယ့်ရဲ့ တည်ငြိမ်မှုကို မပျက် ယွင်းပါစေနဲ့။ ဒေါသမထွက်မိအောင် ထိန်းထားပါ။

ရိုင်းပြတယ်ဆိုတာ လူတစ်ယောက် ရဲ့ စိတ်နေသဘောထား၊ စရိုက် ဖြစ်သလို၊ သိစိတ် လွတ်သွားတဲ့ တဒင်္ဂအခြေအနေ လည်း ဖြစ်ပါတယ်။ ဆိုတော့ သူနဲ့ အပြိုင် မရိုင်းပြဖို့ သူ့ရိုင်းပြမှုအပေါ်မှာ ဒေါသ မထွက်မိဖို့ လိုပါတယ်။ ဒါမှသာ အဖြေရှာ ဖို့ လမ်းစတွေ့မှာပါ။

၂) ပုဂ္ဂလိက ခံစားမှုနဲ့ မတုံ့ပြန်ပါနဲ့။ သူရဲ့ ရိုင်းပြမှုက ကိုယ်နဲ့ ဘာမှ ပတ်သက် ဆက်စပ်စရာ မရှိတာမျိုးလည်း ဖြစ်လောက် တယ်။

ရိုင်းပြတဲ့ အပြုအမှု အပြောအဆိုကို လုပ်တဲ့သူတွေဟာ တစ်ခါတလေ သူတို့ဟာ သူတို့ ဘာဖြစ်လို့ အဲလိုလုပ်နေမှန်း တောင် ကွဲကွဲပြားပြား မသိတာမျိုးတောင် ဖြစ်နေတတ်ပါတယ်။ အဲဒါကို ကိုယ်က သွားပြီး အရမ်းကြီးခံစားပြီး တုံ့ပြန်တာ မျိုးက ဘာမှ အကျိုးမရှိပါဘူး။

၃) အလွန်အကျွံဖြစ်နေရင်တော့ ကောင်းကောင်းမွန်မွန် ရင်ဆိုင်ဖြေရှင်း လိုက်ပါ။ အလွန်အကျွံမဟုတ်ဘူးဆိုရင် တော့ လျစ်လျူရှုထားလိုက်ပါ။

သူ့ရိုင်းပြမှုက စည်းလွတ်ဝါးလွတ် ဖြစ်နေရင်တော့ ကောင်းကောင်းမွန်မွန် ဖြေရှင်းလိုက်သင့်ပါတယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။

၎) သူ့ရဲ့ ရိုင်းပြတဲ့ အပြုအမူကို သွား ပြောင်းဖို့ မစဉ်းစားပါနဲ့။ ဒါက သူ့သဘော သူဆောင်နေတာပါ။

လူတွေကို ပြောင်းလို့ရမယ်လို့ မမျှော် လင့်ပါနဲ့ဆိုသလိုပါပဲ။ သူ ပြောင်းလဲလာ မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါမှလည်း စိတ် ထဲ နည်းနည်း သက်သောင့်သက်သာရှိ မယ်လေ။

၅) အပေါင်းလက္ခဏာဆောင် တုံ့ပြန် မှုမျိုး ပြုလုပ်ပါ။

ရိုင်းရိုင်းစိုင်းစိုင်း ဒေါသတကြီး တုံ့ပြန် နေသူကို ကောင်းကောင်းမွန်မွန် တုံ့ပြန် တဲ့အခါ အခါတော်တော်များများမှာ တဒင်္ဂအားဖြင့်တော့ ရှေ့ဆက်ပြီး ရိုင်းပြတဲ့ အပြုအမှု အပြောအဆိုတွေ လုပ်ဖို့ သူတို့ တွန့်ဆုတ်သွားတတ်ပါတယ်။

၆) သူဘာကြောင့်များ အဲလို ရိုင်းပြ နေပါလိမ့်ဆိုပြီး တွေးကြည့်ပေးပါ။

ဘာကြောင့်အဲလို ဖြစ်တာလဲဆိုတာ နားလည်သွားရင် သူက သနားစရာတောင် ဖြစ်ရင် ဖြစ်နေတတ်တယ်။ တကယ်လို့ ဘာကြောင့် ရိုင်းပြသလဲဆိုတာ သိပြီဆို ရင်တော့ အဲဒါတွေကို ထောက်ချင့်ပြီး ချဉ်းကပ် ဖြေရှင်းပါ။ ချက်သိတော့ ဖြေရှင်းရ ကိုင်တွယ်ရတာ လွယ်တာပေါ့။

၇) သူ့ကို ဘာကူညီမရလဲ မေးပါ။ သူ့စိတ်ပြေရာပြေကြောင်းအတွက် ကူညီပါ။

ကိုယ်နဲ့ သူနဲ့က ကူညီလို့ ရနိုင်မယ့်၊ ကူညီသင့်တဲ့ အနေအထားမျိုး၊ ဆက်ဆံရေး မျိုးဆိုရင်တော့ စကားလေး ဘာလေး ပြောကြည့်ပေါ့။ ဒါဆို သူ ပြေရာ ပြေကြောင်း ဘယ်လို ကူညီရမလဲဆိုတာ သိနိုင်မှာပါ။

၈) ကိုယ့်ရဲ့ သြဇာညောင်းမှုကို ပြန်သုံးသပ်ပါ။ သူ့ကို သိပ်မရောင့်တက် ခိုင်းပါနဲ့။

တစ်ခါတလေမှာ သူ့ကို သိပ်ပစားပေး လွန်းလို့ မထီလေးစား ဖြစ်သွားတာမျိုး လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့အပေါ်မှာ ကိုယ့်ရဲ့ သြဇာရှိမှုကို ပြန်သုံး သပ်အပြီး သူ့အပေါ် ကိုယ့်ရဲ့ ပြောဆို ဆက်ဆံ ပြုမူမှုတွေကို ပြန်သုံးသပ်ဖို့ လို ပါတယ်။

၉) ကိုယ့်သိက္ခာကို ကိုယ်ထိန်းပါ။

သူက ဘာတွေ ပြောပြော ကိုယ်က ကိုယ့်သိက္ခာ ပွန်းပဲ့တယ်လို့ မခံစားသ၍ ဘာမှ မဖြစ်ပါဘူး။

၁၀) ကိုယ့်ကို ကူညီနိုင်မယ့်သူကို ချိတ် ဆက်ပါ။

တစ်ခါတလေမှာ ကိုယ့်အနေနဲ့ ဘယ်လို ဖြေရှင်းရမယ်မှန်း မသိတာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို အခြေအနေမျိုးဆို ရင်းနှီး ယုံကြည်အားထားရတဲ့သူတွေကို မေးမြန်းကြည့်ပါ။

၁၁) သူတစ်ခွန်း ကိုယ်တစ်ခွန်း ပြောဆို ကြတာမျိုး မဖြစ်ပါစေနဲ့။

ရိုင်းပြတဲ့သူနဲ့ သူတစ်ခွန်းကိုယ်တစ် ခွန်းပြောတာက ရိုင်းပြမှုကို မီးထိုးပေးသလို ဖြစ်တတ်ပါတယ်။ ပြိုင်ပြောတာထက် အခြားနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။

၁၂) ကိုယ်သူများကို ရိုင်းရိုင်းပြပြဆက်ဆံဖူးတဲ့အချိန်ကို ပြန်တွေးကြည့်ပါ။

ဒါကလည်း အရေးကြီးပါတယ်။ ဘာကြောင့်ရိုင်းပြတာလဲ၊ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကိုယ်ရိုင်းပြဖူးတာ ကို တွေးတော ဆင်ခြင်ခြင်းကလည်း အဖြေတွေ့နိုင်ပါတယ်။

မှီငြမ်း – How to deal with rude people , By Celestine Chua

မက်အိမ်