ထားဝယ် ရပ်/ကျေးဘောလုံးပွဲ နှစ်ကုန်ခါနီးမှ ကျင်းပမည်

0
561

ထားဝယ်မြို့တွင် ပြိုင်ဆိုင်မှု ပြင်းထန် လေ့ရှိသည့် ရပ်ကွက်၊ ကျေးရွာ ဘောလုံး ပြိုင်ပွဲကို နှစ်ကုန်ခါနီး စက်တင်ဘာလမှ ကျင်းပရန် စီစဉ်ထားကြောင်း ထားဝယ်မြို့ နယ် အားကစားနှင့် ကာယပညာ ဦးစီး ဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

ယခင်က တိုင်းနှင့်ပြည်နယ်ဘောလုံး ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် အချိန် နှင့်ကိုက်ညီမှုရှိစေရန် နှစ်တစ်နှစ်၏ ပထမ ခြောက်လအတွင်း ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာ ဘောလုံးပြိုင်ပွဲကို ကျင်းပလေ့ရှိကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ယခုနှစ်တွင်မူ တနင်္သာရီတိုင်း မြို့ နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကိုပင် နိုဝင်ဘာလမှ ကျင်းပရန် စီစဉ်ထားသဖြင့် ယင်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာလမှ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဦးသန်းဇော်မိုးကပြောသည်။

“အခြားပွဲတွေနဲ့ ထပ်နေတာတွေ လည်းရှိတယ်။ အဲဒါကြောင့် ကွင်းတွေ ဘာတွေနဲ့ချိန်ပြီးတော့ မိုးနည်းနည်းပါးတဲ့ အချိန်မှာ လုပ်မယ်လို့ ဆွဲထားတယ်။ စက်တင်ဘာလလောက်ထဲမှာ ဖြစ်ဖို့များ တယ်”ဟု ၎င်းက ဆိုသည်။

ပြိုင်ပွဲဝင်နိုင်မည့် ကစားသမားများအတွက် အသက်ကန့်သတ်ချက်ကိုမူ မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က အသက် ၂၂ အောက် ထားဝယ်မြို့နယ် ရပ်ကွက်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို ဇွန်လတွင် ကျင်းပခဲ့ပြီး ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လတွင် ကျင်းပခဲ့သည်။

ကျော်သူစိုး