မူလတန်းကျောင်းသူ/သားကို ကျောင်းဝတ်စုံအစား ဗလာစာအုပ် ခြောက်အုပ် ပိုပေးမည်

0
691

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းအတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းသူ/ကျောင်းသားများကို ကျောင်း ၀တ်စုံအခမဲ့ မပေးတော့ဘဲ ၀တ်စုံအစား ဗလာစာအုပ် ခြောက်အုပ်ပိုထောက်ပံ့မည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်း ၀တ်စုံတစ်စုံအတွက် ခွင့်ပြုချက်ဈေးနှုန်းအရ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ ကျောင်း အပ်နှံသည့် အချိန်တွင် ကျောင်းသားများ လက်ဝယ်သို့ အချိန်မီရောက်ရှိရန် အခက် အခဲရှိနိုင်ခြင်းတို့ကြောင့် ကျောင်းဝတ်စုံ အတွက် ခွင့်ပြုငွေဖြင့် ဗလာစာအုပ်ခြောက်အုပ် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းနောင်က ပြောသည်။

“ခွင့်ပြုနိုင်တဲ့ငွေရယ် အရည်အသွေး ရယ်ပေါ့၊ ဒီငွေအတိုင်းလုပ်လိုက်ရင် အရည်အသွေးက မမီလာတဲ့အကြောင်းကြောင့် ၀တ်စုံအစား ဗလာစာအုပ်ပေး လိုက်တဲ့ ဟာပဲပေါ့”ဟု ဦးဝင်းနောင်က ဆိုသည်။

ကျောင်းဝတ်စုံအတွက် တင်ဒါခေါ် ယူရာတွင်လည်း တင်ဒါလာလျှောက်သူ နည်းကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ကာ အခမဲ့ပညာရေးစနစ်အရ ပညာရေး ၀န်ကြီးဌာနမှ အခြေခံပညာမူလတန်းရှိ ကျောင်းသား ကျောင်းသူများကို တစ်ဦး လျှင် ကျောင်းဝတ်စုံတစ်စုံ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံနှင့် ဗလာစာအုပ် ခြောက်အုပ်ကို အခမဲ့ထုတ်ပေးခဲ့ပြီး ယခု အခါ ကျောင်းဝတ်စုံအစား ဗလာစာအုပ် ၆ အုပ်ထပ်တိုးကာ ၁ ဒါဇင်ဟု ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မိုးမြင့်