လေးထပ်ကျောင်းရှိ ချို့တဲ့ အထက်တန်း ကျောင်းသား/သူများကို ပညာသင်စရိတ် ထောက်ပံ့ပေးမည်

0
481

လူငယ်ဖွံ့ဖြိုးရေးပရဟိတ-လေးထပ် ကျောင်းတွင် မိဘမရှိသူ၊ မိစုံဖစုံမရှိသူ၊ မိဘစုံလင်ရှိသော်လည်း အမှန်တကယ် ဆင်းရဲချို့တဲ့သူ၊ ငွေကြေးအဆင်မပြေ သည့် အထက်တန်းကျောင်းသား/သူများ ကို ရွေးချယ်စိစစ်ကာ ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထားဝယ် မြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတ-လေးထပ် ကျောင်းထံမှ သိရသည်။

အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် န၀မတန်းမှ ဒသမတန်းထိ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးရှိပြီး ပညာရေးကို လိုလား၍ အမှန်တကယ်ကြိုးစားလိုသူများကိုသာ ရွေးချယ်စိစစ်၍ ဘော်ဒါတွင် ကျူရှင်နှင့် ဂိုက် တက်ရောက်နိုင်ရန် စရိတ်ထောက်ပံ့ မည်ဖြစ်ကြောင်း လေးထပ်ကျောင်း ပဓာနနာယက ကျောင်းထိုင်ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ကျူရှင်နှင့် ဂိုက်လခမှာ န၀မတန်း ကျောင်းသားတစ်ဦးလျှင် တစ်လလျှင် ၇ သောင်းကျပ်၊ ဒသမတန်း ကျောင်းသား တစ်ဦးလျှင် ၁ သိန်းကျပ်ပေးရကြောင်း ဆရာတော်က မိန့်ကြားသည်။

ယခင်ကဘော်ဒါတွင် ကျူရှင်မထားဘဲ ကျောင်းတွင်သာ လိုအပ်သည့် ဆရာမ ခေါ်ယူသင်ကြားရာ ကျောင်းသားကျောင်း သူ များမှာ အပြိုင်အဆိုင်မရှိသည့်အတွက် စိတ်ဝင်စားမှုနည်းသောကြောင့် ဘော်ဒါ တွင် ကျူရှင်နှင့် ဂိုက်ထားပေးခြင်းဖြစ် ကြောင်း ဆရာတော်က မိန့်ကြားသည်။

လေးထပ်ကျောင်းတွင် ပြီးခဲ့သည့် နှစ်က KG တန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၀ ခန့်ရှိကြောင်း အထက်ပါကျောင်း၏ စာရင်းများအရ သိရသည်။

မိုးမြင့်