မြိတ်တွင် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ စေတီတော်တစ်ဆူ မိုးကြိုးထိမှန်ပြီး ထီးတော်မြေခ

0
723

မြိတ်မြို့ ကန်ဖျားနယ်မြေ ရွှေပြည် တော်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နှစ် ၁၀၀ ကျော် သက်တမ်းရှိ စေတီ တစ်ဆူ မိုးကြိုးထိမှန်ကာ ထီးတော်မြေခ ခဲ့ရကြောင်း ဘုန်းတော်ကြီးကျောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

မေလ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်က မိုးစတင် ရွာသွန်းချိန်တွင် ယင်းဘုန်းတော် ကြီးကျောင်းဝင်းအတွင်း တည်ထားသည့် ရွှေအောင်မောင်း စေတီတော်အား မိုးကြိုး ထိမှန်ခဲ့ခြင်းဖြစ်ပြီး အမြင့် ၂၇ ပေရှိ ယင်း စေတီတော် ကြာခမောက် အပေါ်မှနေ၍ ထက်ပိုင်းပြတ်ထွက်ကာ မြေခသွားခဲ့ ကြောင်း ဂေါပကအဖွဲ့ဝင် ဦးမောင်သန်းက ပြောသည်။

“လက်နက်ကြီးနဲ့ ပစ်လိုက်သလို အသံမျိုး ကြားရတယ်”ဟု ၎င်းက ပြောသည်။

ယင်းမိုးကြိုးကြောင့် စေတီတော် အနီးရှိ ဘုရားသိမ် နှစ်ခုတွင်လည်း ထိခိုက်မှုရှိခဲ့ပြီး ကျောင်းပေါ်ရှိ လျှပ်စစ် ပစ်္စည်း တချို့လည်း ပျက်စီးသွားခဲ့သည်ဟု ယင်းကျောင်းတွင် သီတင်းသုံးသည့် ဦးပဉ္ဇင်းတစ်ပါးက မိန့်သည်။

မိုးကြိုးထိမှန်ခဲ့သည့် စေတီသည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ် ကြောင်း ဂေါပကအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

Dawei Watch