သင်္ကန်တုံးရွာတွင် မီတာကို အိမ်ပြောင်းတပ်ပေးသည့်ကိစ္စ ရွာသားအချို့ မကျေနပ်

0
478

ထားဝယ်မြို့နယ် ပကာရီကျေးရွာ အုပ်စု သင်္ကန်တုံးကျေးရွာတွင် မီတာခွဲ တမ်းရသည့်အိမ်ကို တပ်ဆင်မပေးဘဲ အခြားအိမ်ကို တပ်ဆင်ပေးသဖြင့် ရွာသားအချိုက  ရာအိမ်မှူးကို မကျေမနပ်ဖြစ်နေ ကြောင်း ယင်းရွာသားအချို့ထံမှ သိရ သည်။

ဖေဖော်ဝါရီလက သင်္ကန်တုံးကျေး ရွာအတွက် မြို့နယ် လျှပ်စစ်ဌာနမှ မီတာ အလုံး ၃၀ ကို တပ်ဆင်မည့် အိမ်နာမည် နှင့်တကွ ခွင့်ပြုပေးခဲ့သော်လည်း ယင်း ကျေးရွာ ရာအိမ်မှူးက မီတာ ခုနစ်လုံးကို အခြားခွင့်ပြုချက်မကျသေးသောအိမ်များ တွင် တပ်ဆင်ပေးခဲ့ကြောင်း ရွာသာအချို့က ပြောသည်။

ယင်းကဲ့သို့တပ်ဆင်ပေးခဲ့သည်ကို ကနဦးသတိမထားမိဘဲ မေလအတွင်း မီတာခလာရောက်ကောက်ခံမှ ယင်းကဲ့သို့ မီတာများ အိမ်ပြောင်းကာ တပ်ဆင်ထား သည်ကို ရွာသားအချို့သတိထားမိခဲ့ခြင်း ဖြစ်သည်။

မီတာခလာရောက်ကောက်ခံချိန် တွင် မြို့နယ်လျှပ်စစ်ဌာနမှ ခွင့်ပြုပေး ထားသည့် အိမ်အားလိုက်လံရှာဖွေ ကောက်ခံချိန်မှ သိခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

လျှပ်စစ်ဌာနတွင် မီတာသွားထုတ်ပါ က မီတာအတွက် ကျသင့်ငွေကို အကျေပေး သွင်းရသဖြင့် မီတာလျှောက်ထားသူများ ထံမှ ကျသင့်ငွေကို ကြိုတင်ကောက်ခံထားကြောင်း သင်္ကန်းတုံးကျေးရွာ ရာအိမ်မှူး ဦးသန်းဝင်းက ပြောသည်။

ယင်းကြောင့် မီတာအတွက် ကျသင့်ငွေ အပြည့်သွင်းထားသူများကို ဦးစားပေးတပ် ဆင်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။

မီတာခွင့်ပြုချက်ကျသည့်ကိစ္စကို သက်ဆိုင်ရာ ကာယကံရှင်များအား အသိပေးသင့်ကြောင်း မီတာတပ်ခွင့်ရသော်လည် မီတာမရသည့် အသက် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

 “ကျွန်မအိမ်နာမည်နဲ့ ကျနေတာကို ကျွန်မကိုတော့ အသိပေးသင့်တယ်။ မယူနိုင်ဘူး(ငွေကြေးမတတ်နိုင်ဘူး) ဆိုမှ အခြားသူကိုပေးချင်ရင်ပေးပေါ့”ဟု ၎င်းက ဆိုသည်။

မီတာခွဲတမ်းနောက်ထပ်ခွင့်ပြုချိန်တွင် ကျန်ခဲ့သည့်နေအိမ်များကို ဦးစားပေး မည်ဖြစ်ကြောင်း ရာအိမ်မှူးက ဆိုသည်။

သင်္ကန်တုံးကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိကြောင်း ကျေးရွာရာအိမ်မှူးထံမှ သိရသည်။

Dawei Watch