ကုလားဂုတ်ရွာသားကို ပစ်သတ်သည့် တပ်အရာရှိ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

0
501

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ် ကုလားဂုတ်ကျေးရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်မတော် အရာရှိကို မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ ၁၅ ရက်က ကုလားဂုတ်အလယ်ဆိပ်နေ ဦးတင်စိုးမြင့် ကို ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် (၅၈၇) ခြေမြန် တပ်ရင်းမှ ဗိုလ်ကြီး အောင်ကိုကိုမင်းက တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပွား ခဲ့သည်။

အဆိုပါအမှုကို တပ်မတော်စစ်တရားရုံး တွင် စစ်ဆေးစီရင်နိုင်ခြင်း မရှိသည့် အတွက် အရပ်ဘက် တရားရုံးဖြစ်သည့် မော်လမြိုင် ခရိုင်တရားရုံးသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က လွှဲပြောင်းပေးခဲ့ ပြီး ခရိုင်တရားရုံးက စတင်စစ်ဆေး စေခဲ့ရာမှ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်က ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အမှုတွဲကို (ပ) ၂၃၄/ ၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၀၂ နှင့် စွဲဆိုထားခြင်းဖြစ် သည်ဟု မော်လမြိုင်ခရိုင် တရားရုံးထံမှ သိရသည်။

“ဦးတင်စိုးသေဆုံးမှုနဲ့ ပတ်သက် ပြီး ပြစ်မှုကျူးလွန်တဲ့သူကို မနေ့က (မေလ ၂၀ ရက်) တရားရုံးက ထောင်ဒဏ် ၁၀ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်၊ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်က တရားမျှတပါတယ်။ ကာယံရှင်တစ်ယောက် အနေနဲ့လည်း ကျေနပ်ပါတယ်”ဟု သေဆုံး သူ၏ဇနီး ဒေါ်ခင်ဆွေတင့်က ပြောသည်။

ဦးတင်စိုးမြင့် သေဆုံးမှုနှင့် ပတ်သက် ပြီး ဦးတင်စိုးမြင့်၏ ဇနီး ဒေါ်ခင်ဆွေတင့် က တရားလိုပြုလုပ်ကာ ခမရ (၅၈၇) က ဗိုလ်ကြီး အောင်ကိုကိုမင်းကို အရေး ယူပေးပါရန် လမိုင်းနယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ရာ လမိုင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ခဲ့သည့်အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လည်း တိုင်ကြားခဲ့သည်ဟု သေဆုံးသူ မိသားစုထံမှ သိရသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် အတွင်း၌ ၂၀၁၆ ခုနှစ် မတ်လ၀န်းကျင်က လည်း ခေါဇာမြို့နယ်ခွဲ မန်းကျည်းချောင်းဝ ရွာသား ၂ ဦးကို ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ မှ ဗိုလ်ကြီးတစ်ဦး က သေနတ်ဖြင့် ပစ်သတ်မှု ရှိခဲ့သလို ၂၀၁၇ ခုနှစ် သြဂုတ်လခန့်ကလည်း တနင်္သာရီတိုင်းရေဖြူမြို့နယ်၊ ကျွဲသုံးညီမ ကျေးရွာအုပ်စု၊ မဲသံတောင်ကျေးရွာအခြေ စိုက်သည့် ရေတပ်မှ ရေလုပ်သားတစ်ဦးကို စစ်ဆေးရိုက်နှက်ရင်း သေဆုံးသွားမှု ရှိခဲ့သည်။

ယဉ်စနိုင်း