မွန်တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသလိုင်စင် လုပ်ပေးမည်

0
473

မွန်ပြည်နယ်အတွင်းရှိ  ၂၀၀၀ ခုနှစ် နောက်ပိုင်းထုတ် လိုင်စင်မဲ့မော်တော်ဆိုင် ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေး ရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးက ဦးထွန်းဌေးက ပြောသည်။

မော်တော်ဆိုင်ကယ်များကို စည်းကမ်း ရှိရှိနှင့် တရားဝင်မောင်းနှင် စီးနင်းနိုင်ရန် အတွက် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

“ဆိုင်ကယ်ဈေးနှုန်းသတ်မှတ်ပြီးသွားရင် ဆောင်ရွက်လို့ ရပြီ”ဟု ၀န်ကြီး ဦးထွန်းဌေးက ပြောသည်။

ဒေသလိုင်စင်ကို သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်တို့တွင် စတင်ပြုလုပ် ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့နယ်များ၌ ဆက်လုပ်ပေးသွားမည်ဟု လည်း ၀န်ကြီးက ပြောသည်။

ဒေသလိုင်စင်လုပ်ပေးမည့်ရက် အတိအကျ ပြောနိုင်ခြင်း မရှိသေးသော်လည်း စည်းကမ်းချက် သတ်မှတ်ချက် အစရှိ သည့် အသေးစိတ်အချက်အလက်များ သတ်မှတ်ပြီးပါက ထုတ်ပြန်ကြေညာ သွားမည်ဟု သိရသည်။

ယခုပြုလုပ်ပေးမည့် ဒေသတွင်း လိုင်စင်သည် မွန်ပြည်နယ်အတွင်း၌သာ သွားလာခွင့်ရှိမည် ဖြစ်သည်။

မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်များကို လိုင်စင်နံပါတ် (၃၄ ယ) ထိ ပြုလုပ် ပေးထားပြီး တစ်ပြည်နယ်လုံးတွင် လိုင်စင် ရှိ မော်တော်ဆိုင်ကယ် အစီးပေါင်း ၃ သိန်း ကျော် (၃၄၇၆၀၀)ရှိသည်ဟု မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးရှိ စာရင်းအရ သိရသည်။

လက်ရှိတွင် ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ စည်းကမ်းမဲ့ မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဇန်န၀ါရီလ ၁၅ ရက်မှစကာ ဖမ်းဆီး အရေးယူလျက်ရှိရာ စည်းကမ်းဖောက် ဖျက်သူများကို ၂၀၁၅ မော်တော်ယာဉ် ဥပဒေနှင့်အညီ တရားစွဲဆိုလျက် ရှိ သည်။

ယဉ်စနိုင်း