လမိုင်းမြို့ အွန်လိုင်းငွေစုကိစ္စ လူစုလူဝေးဖြစ်၊ လေလံမဲလုပ်သူကို ရဲတပ်ဖွဲ့ ထိန်းသိမ်းထား

0
714

မွန်ပြည်နယ်၊  ရေးမြို့နယ်၊ လမိုင်း မြို့နယ်ခွဲအတွင်းက ပြဿနာ ဖြစ်ပွား နေသည့် အွန်လိုင်း ငွေစုလေလံမဲ ကိစ္စ နှင့် ပတ်သက်ပြီး ငွေထုတ်မပေးနိုင်သည့် ငွေစုလေလံမဲ လုပ်ကိုင်သူ လင်မယား နှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထား လိုက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ရေးမြို့နယ်ရဲတပ် ဖွဲ့နှင့် ရေးမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။

လမိုင်းမြို့တွင် မေလ ၂၁ ရက်က ငွေစုလေလံမဲလုပ်ကိုင်သူတစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်မှ ငွေများထုတ်ပေးရမည်ကို ထုတ်မပေးနိုင်သည်ကစပြီး လူစုလူဝေး ဖြစ်လာကာ မေလ ၂၂ ရက်တွင် ငွေစု လုပ်ကိုင်သူ မခိုင်ယဉ်မွန်တို့ လင်မယား နှစ်ဦးကို ၀ိုင်းဝန်း ရိုက်နှက်ကြသည့်အပြင် အိမ်ကို ၀င်ရောက်လုယက်ဖျက်စီးသည် အထိ လုပ်ဆောင်လာသည့်အတွက် ရဲတပ်ဖွဲ့ကပါ လုံခြုံရေး ယူထားရသည်။

ယင်းအခြေအနေကြောင့် မေလ ၂၂ ရက် ညပိုင်းက မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့တို့က လူစုလူဝေးဖြစ်ပြီး မတည်မငြိမ်ဖြစ်ပွားနေသည့် လမိုင်းမြို့ သို့ သွားရောက်ခဲ့ပြီး အခြေအနေ တည်ငြိမ် သွားအောင် စုမဲငွေထည့်ဝင်သူတို့နှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။

“ကျွန်တော်တို့ ညှိနှိုင်းလိုက်တော့ လူထုရဲ့ စိုးရိမ်မှုက အတော်အတန်ကျ တယ်၊ သို့သော်လည်းပဲ တချို့က စိုးရိမ်နေ ကြဆဲ စောင့်ကြည့်နေကြဆဲပဲ”ဟု မွန် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

နောက်ဆုံး ညှိနှိုင်းချက်အရ ငွေ ပြန်မထုတ်ပေးနိုင်သည့် အွန်လိုင်းလေလံ ငွေစု လုပ်ကိုင်သူ လင်မယားကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပြီး ဥပဒေ အညီ ရင်ဆိုင်ရန်နှင့် ငွေပြန်ထုတ်ချင် သူများဘက်ကလည်း ဥပဒေနှင့်အညီ ဖြေရှင်းရန် သဘောတူခဲ့ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ယင်းသဘောတူညီမှုအပြီးတွင် လူစုကွဲသွားကြောင်း သိရသည်။

စုမဲထည့်ဝင်ငွေပမာဏသည် သိန်းပေါင်း သိန်းချီ ရှိသည်၊ သိန်းပေါင်းသောင်းချီရှိ သည်ဟု အမျိုးမျိုးပြောဆိုနေကြသော် လည်း စာရင်း အတိအကျ မရှိသည့်အတွက် ငွေပမာဏ အတိအကျ မသိကြောင်း လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့မှ တစ်ဆင့် စုငွေ ထည့်ဝင်ထားသူနှင့် စုငွေ ပမာဏစာရင်းကို ကောက်ခံရန် ညှိနှိုင်း ထားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

မခိုင်ယဉ်မွန်၏ နောက်ကွယ်တွင် လည်း ငွေစုဒိုင်အနေဖြင့် လုပ်ကိုင်နေသူ ရှိ/မရှိကို ကွင်းဆက်လိုက်ရန် ရဲတပ်ဖွဲ့ နှင့် ညှိနှိုင်းထားကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လမိုင်းမြို့တွင် အွန်လိုင်း ငွေစုငွေချေး လုပ်ကိုင်သူနေသူ မခိုင်ယဉ်မွန်နှင့် မငြိမ်းချမ်းတို့  ၂ ဦးရှိပြီး မငြိမ်းချမ်းဆိုသူ က စုမဲငွေများကို အလှည့်ကျပုံမှန်ဆက် ထုတ်ပေးနေသည့်အတွက် ပြဿနာမဖြစ် ပွားအောင် ထိန်းထားနိုင်သည့် အနေ အထားရှိသော်လည်း လုံခြုံရေး ယူထားရ ဆဲဖြစ်ကြောင်း လမိုင်းမြို့ခံ ကိုပရက ပြောသည်။

“ဒီနေ့ (မေ ၂၃) အခြေအနေကတော့ မငြိမ်းချမ်းအိမ်မှာတော့ ငွေတွေ ထုတ်ပေး နေတယ်၊ လုံခြုံရေးတော့ ချထားရတယ်၊ မခိုင်ယဉ်မွန်ကကျတော့ အိမ်လည်း ဖျက်ဆီးခံထားရတယ်၊ အခု ရဲတွေ ထိန်းထားတယ်၊ သူကျတော့ သူ့ရဲ့ပိုင်ဆိုင် မှုတွေ ရောင်းပြီး ပေးမယ်ပြောထားတယ်၊ ဒါပေမယ့် သူ့ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ရှိလဲ မသိသေးဘူး။ ပေးရမယ့်ငွေပမာဏက ဘယ်လောက်ရှိလဲ မသိသေးဘူး၊ သူကျ တော့ အပေးအယူ ရပ်ထားတယ်” ဟု ကိုပရက ပြောသည်။

လက်ရှိတွင် မခိုင်ယဉ်မွန်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆ ဖြင့် လမိုင်းရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်း ပြောသည်။

“နစ်နာသူ အားလုံးကတော့ အမှု ဖွင့်ထားတယ်၊ လမိုင်းရဲစခန်းမှာပါ၊ ပုဒ်မ ကတော့ ၄၀၆  ပါ”ဟု ဦးကံဝင်းက ပြောသည်။

မေလ ၂၂ ရက်က လူစုလူဝေးဖြစ်ကာ မတည်မငြိမ်ဖြစ်ခဲ့သော်လည်း လွှတ်တော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့၏ ညှိနှိုင်း ဖြေရှင်းပေးမှုကြောင့် မေလ ၂၃ ရက် တွင် အခြေအနေတည်ငြိမ်သွားပြီဖြစ် သော်လည်း လူစုလူဝေးပြန်ဖြစ်ပြီး မတည် မငြိမ် ပြန်ဖြစ်လာမည်ကို စိုးရိမ်သည့် အတွက် လုံခြုံရေးယူထားရဆဲဖြစ်သည် ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြဿနာကြီးထွားခဲ့သည့် မေလ ၂၂ ရက်တွင် ငွေစုလုပ်သူ မခိုင်ယဉ်မွန် တို့လင်မယားနှစ်ဦး၏ နေအိမ်၊ မိဘနှင့် မောင်မနှမနေအိမ်တို့ကို ငွေထည့်ဝင် ထားသူတို့က ၀ိုင်းဝန်းဖျက်ဆီးထားကြပြီး အိမ်တွင်းရှိပစ္စည်းများကိုလည်း ၀င်ရောက် လုယက် သယ်ဆောင်ယူသွားသည်လည်း ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယဉ်စနိုင်း