ဆလုံဘာသာစကားသင်ရိုး သဒ္ဒါ၊ ဗျည်း၊ သရ စစ်ရန် တနင်္သာရီတိုင်းသို့ ပြန်ပို့ထား

0
1408

ဆလုံဘာသာစကားသင်ရိုးတွင် သဒ္ဒါအထားအသို နှင့် ဗျည်း၊သရ မှန်/ မမှန် ပြန်လည်စစ်ဆေးပေးရန် ပြည်ထောင်စု မှ တနင်္သာရီတိုင်းသို့ ပြန်လည် စစ်ဆေး ခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနတာဝန်ခံအရာရှိထံမှ သိရသည်။

ဆလုံကျောင်းသားများ တက်ရောက် နေသည့်  အခြေခံပညာမူလတန်းကျောင်း များတွင် သင်ကြားရန် ဆလုံဘာသာ စကားဖြင့် ရေးဆွဲထားသည့် သင်ရိုး စာအုပ် ၁၁ အုပ်ကို စစ်ဆေးပေးရန် ပြန်လည်ပေးပို့လိုက်ခြင်း ဖြစ်သည်။

ထိုသင်ရိုးစာအုပ်များမှာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြု ထားပြီး တရားဝင်သင်ကြားခွင့်ရရေး အတည်ပြုပေးရန် ပြည်ထောင်စု တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တင်ပြထားသော သင်ရိုးများ ဖြစ်သည်။

ပြည်ထောင်စုမှ ပြန်လည် ပေးပို့ လိုက်သည့် ထိုသင်ရိုးစာအုပ်များကို သဒ္ဒါအထားအသိုနှင့် ဗျည်း၊ သရ တို့အား စစ်ဆေးရန်အတွက် ကျွန်းစုမြို့နယ်၊  ဒုံးပုလဲအော် ဆလုံရွာမှ ဆရာမ နော်ဆေး ဘေထံ ပေးပို့ထားကြောင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနတာဝန်ခံ အရာရှိ ဒေါ်နော်မာလေးက ပြောသည်။

ဆရာမ နော်ဆေးဘေမှာ အထက်ပါ သင်ရိုးများကို ပြုစုခဲ့သူ ဖြစ်သည်။

“ပြုစုခဲ့တဲ့ ဆရာမနဲ့ ချိတ်ဆက် ပြီးတော့ အကူအညီ တောင်းတယ်၊ အဲဒီ အဆင့်ပဲ ရှိသေးတယ်။ ဆရာမဆီက ပြန်လာမှ နောက်အဆင့်တွေကို လုပ်လို့ ရမှာပေါ့၊ အမြန်စစ်ပေးပါလို့ ကျွန်မတို့ အကူအညီတောင်းထားတယ်” ဟု အထက်ပါ ဦးစီးဌာန တာဝန်ခံအရာရှိ ဒေါ်နော်မာလေးက ပြောသည်။

ယင်းဆလုံစာ သင်ရိုးစာအုပ်များကို ကျွန်းစုမြိုနယ် ဒုံးကျွန်းအုပ်စုမှ ဆလုံ အသံထွက်ကို အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ် ဘာသာမှ ဆလုံဘာသာ(MOKEN LANGUAGE) သို့ ပြောင်းလဲရေးသား ထားသည်။

ဆလုံလူမျိုးများမှာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများ တွင် ပြန့်နှံ့နေထိုင်ကြပြီး ဆလုံစကားမှာ လည်း မူကွဲများရှိနေသဖြင့် ယခုအတည် ပြုလိုက်သည့် သင်ရိုးများကို အခြားကျွန်းများမှ ဆလုံကျောင်းသားများ နားမလည် မည်ကို စိုးရိမ်မှုအချို့ ရှိနေကြသည်။

မြန်မာနိုင်ငံအတွင်း ဆလုံစကားကို ဒုံးအုပ်စု(မြိတ်ခရိုင်)၊ လန်ပိအုပ်စု (ကော့ သောင်းခရိုင်) ဂျာအိ/ပုလဲကျွန်းအုပ်စု (ကော့သောင်းခရိုင်) ဟူ၍ ၃ မျိုးခန့် ကွဲပြားနေပြီး အချို့စကားများက လေယူ လေသိမ်းသာကွဲသော်လည်း အချို့စကား များက လုံးဝကွဲပြားနေကြောင်း ကော့သောင်း မြို့နယ် မကြုံကလက်ရွာမှ ဆလုံအရေး လှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

ရေကို ဒုံးအုပ်စုတွင်“၀ိ”ဟု ခေါ်သော်လည်း ဂျာအိအုပ်စုတွင် “နော်အင်း”ဟု ခေါ်သည်အထိ ကွဲပြားမှု ရှိသည်။

“အတည်ပြုမယ်ဆိုရင် ကွင်းဆင်း သင့်တယ်ဗျ၊ အနည်းစုကနေ လုပ်လိုက် တာကို အတည်ပြုတာမျိုးတော့ မဖြစ်စေ ချင်ဘူးပေါ့”ဟု ဦးခင်မောင်ထွေးက ပြောသည်။

ဆလုံလူမျိုးများသည် မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်း ကျွန်းများ တွင်နေထိုင်ကြပြီး လူဦးရေ ၁၈၀၀ ခန့် ရှိသည်။

Dawei Watch