ထားဝယ်တွင် ဟွာဝေဖုန်းများ ရောင်းအားကျ

0
755

ဟွာဝေး (Huawei) ဖုန်းနှင့်ပတ်သက် ပြီး သတင်းများထွက်ပေါ်လာပြီးနောက် ထားဝယ်ဈေးကွက်အတွင်း ယင်းဖုန်းများ ရောင်းအားကျဆင်းနေကြောင်း ထားဝယ် မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရ သည်။

အမေရိကန်အစိုးရသည် တရုတ် နိုင်ငံရှိ ဟွာဝေး နည်းပညာကုမ္ပဏီကို ပြီးခဲ့သည့် မေလ ဒုတိယအပတ်က ကုန် သွယ်ရေး နာမည်ပျက်စာရင်း(Black List) သွင်းလိုက်ပြီးနောက် ဂူဂဲ(Google) ကဲ့သို့သော နာမည်ကြီးကုမ္ပဏီအချို့က ဟွာဝေးကုမ္ပဏီနှင့်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများကို ရပ်နားခဲ့ကြ သည်။

ယင်းကဲ့သို့ ဟွာဝေးနှင့် လက်တွဲ လုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီ အချို့ စီးပွားရေးလုပ်ငန်းများ ရပ်နားလိုက် သဖြင့် ဟွာဝေးဖုန်း Android Version များကို Update လုပ်နိုင်တော့မည်မဟုတ် ကြောင်း ပြည်တွင်းပြည်ပ သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် ထားဝယ်ဈေးကွက်ရှိ ဖုန်းဆိုင် ခုနစ်ဆိုင်ကို မေးမြန်းကြည့်ရာ ခြောက်ဆိုင်က ဟွာဝေးဖုန်းများ ရောင်းအား ကျနေကြောင်းဖြေဆိုပြီး ပုံမှန်ရောင်းချနေ ရသည် ဟုဖြေဆိုသည့်ဆိုင် တစ်ဆိုင်သာ ရှိသည်။

“နောက်ပိုင်း ဒီလိုသာဆက်ပြီးရောင်း အားကျနေရင်တော့ ပိုက်ဆံအသေခံပြီး ဆိုင်တွေမှာ ဟွားဝေဖုန်းကို တင်ရောင်း ကြတော့မှာ မဟုတ်ဘူး”ဟု ထားဝယ်မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းအပြင် Second ဖုန်း အရောင်း အ၀ယ်ပြုလုပ်နေသည့်ဆိုင်များတွင်လည်း ဟွာဝေးဖုန်းများကို လာရောက် ရောင်းချ သူများ ပိုများလာကြောင်း ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်ရှိ ဖုန်းဆိုင်ထံမှသိရသည်။

“(ဟွာဝေးဖုန်းတွေ) လာရောင်းနေ ကြတယ်။ ကျွန်တော်ကတော့ မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ရောင်းမထွက် မှာ စိုးရိမ်လို့ပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်တော့ ဟွာဝေဖုန်း ဗာရှင်းအနိမ့်သုံးသည့် သာမန်ဖုန်းသုံးသူများ စိုးရိမ်စရာမဟုတ်သေးသော်လည်း ဗားရှင်း အမြင့်ပိုင်း သုံးသူများ၊ ဖုန်းဖြင့် Email၊ Play Store သုံးသူများ၊ ဂိမ်းဆော့သူများ အတွက်မူ နောက်ပိုင်းတွင် စိုးရိမ်စရာ ရှိကြောင်း ထားဝယ်မြိုရှိ BSM ဖုန်းဆိုင် ပိုင်ရှင် ဦးရဲလွင်ဦးက သုံးသပ်သည်။ 

Dawei Watch