တနင်္သာရီတိုင်းတွင် ကျောင်းတစ်ရာကျော် အဆင့်တိုး

0
474

အခြေခံပညာ ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဆင့်တိုးကျောင်းများကို မေလ ၂၄ ရက်က ထုတ်ပြန်လိုက် ရာ တနင်္သာရီတိုင်းတွင် ကျောင်း ၁၄၈ ကျောင်းသည် အဆင့်တိုးမြှင့်ရာတွင် ပါဝင်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အခြေခံပညာ မူလတန်း(ခွဲ)မှ အထက် တန်းအထိ ထားဝယ်ခရိုင်တွင် ၆၆ ကျောင်း၊ မြိတ်ခရိုင်တွင် ၇၀၊ ကော့သောင်းခရိုင်တွင် ၁၂ ကျောင်း စုစုပေါင်း ၁၄၈ ကျောင်းကို အဆင့်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ယင်းအဆင့်တိုးမြှင့်ပေးလိုက်သည့် ကျောင်းများတွင် အထက်တန်းနှင့် အထက်တန်းကျောင်းခွဲ ၂၉ ကျောင်း၊ အလယ်တန်း နှင့် အလယ်တန်းကျောင်း(ခွဲ) ၆၇ ကျောင်း၊ မူလတန်းမှ မူလွန်ကျောင်းအထိ ၅၂ ကျောင်းပါဝင်ကြောင်း ယင်းဌာနစာရင်း အရ သိရသည်။

အဆင့်တိုးသည့်ကျောင်းများကို သတ်မှတ်ထားသည့် ကျောင်းသားဦးရေပြည့်မီမှုရှိခြင်း၊ သွားလာရခက်ခဲသည့် ဒေသများဖြစ်ခြင်း စသည့် အချက်များကိုအခြေခံရွေးချယ်ခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

“ဒီနှစ်ကျောင်းစဖွင့်မယ့်အချိန်မှာ ကျောင်းသားတွေအားလုံး အဆင့်တိုး ကျောင်းတွေမှာ အချိန်မီ ကျောင်းအပ်နိုင် အောင် ကျောင်းမဖွင့်ခင်ကတည်းကတိုး ပေးလိုက်တာ”ဟု ဒေါ်မိုးမိုးအေးက ပြောသည်။

အဆင့်တိုးကျောင်းများတွင် သင်ကြား မည့် ဆရာ၊ ဆရာမများကိုလည်း ကျောင်း ဖွင့်ရာသီမရောက်ခင် ခန့်ထားနိုင်ရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်အပ်လက်ခံခြင်းကို မေလ ၂၅ ရက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လ ၃ ရက် တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှသိရသည်။

ကျော်သူစိုး