အသင့်စား ထားဝယ်မုန့်ဟင်းခါးထုပ် ပြည်ပပို့သူများ အဓိက၀ယ်

0
1248

အသင့်စား ထားဝယ်ရိုးရာ မုန့်ဟင်းခါးထုပ်များကို ပြည်ပသို့ ပေးပို့မည့်သူများက အဓိက ၀ယ်ယူကြကြောင်း မုန့်ဟင်းခါး ထုပ်ဖြန့်သည့် ထားဝယ်မြို့၏ အဓိက ကိုယ်စားလှယ် ဒေါ်ကလျာအောင်က ပြောသည်။

ရန်ကုန်မြို့တွင် ထုတ်လုပ်နေသည့် ယင်းမုန့်ဟင်းခါးထုပ်များကို ထားဝယ်ဈေး ကွက်အတွင်း ဖေဖော်ဝါရီလမှစတင် ရောင်းချနေခဲ့ပြီး ဒေသတွင်း စားသုံးရန် ထက် ပြည်ပသို့ လက်ဆောင်အဖြစ် ပေးပို့ရန် ၀ယ်သူက ပိုများကြောင်း ဒေါ်ကလျာအောင်က ဆိုသည်။

“ဒီတစ်ထုပ်က တစ်ခါချက်ရင် ရှစ်ယောက်လောက် စားလို့ရတယ်ဆိုတော့  စားမကုန်တော့ ထားဝယ်မှာတော့ သိပ် မ၀ယ်ကြဘူး။ နိုင်ငံခြားကိုလက်ဆောင် ပေးဖို့ ဆိုပြီး တစ်ခါလာဝယ်ရင် လေးငါးထုပ် လာဝယ်တဲ့သူပဲများတယ်”ဟု ၎င်းက ဆို သည်။

ထားဝယ်မြို့တွင်နေသူ အများစုမှာ မုန့်ဟင်းခါးဆိုင်များတွင် အဆင်သင့်ဝယ်ယူ စားသုံးသည်ကများပြီး ရုံးဝန်ထမ်းများ စုပေါင်းချက်စားရန်အတွက်သာအသင့်စား မုန့်ဟင်းခါးထုပ်ကိုဝယ်ယူ လေ့ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အထုပ်ရေ စုစုပေါင်း ၅၀၀ နှင့် ၇၀၀ ကြားရောင်းချပြီးဖြစ်ကြောင်း ဒေါ်ကလျာအောင်က ပြောသည်။

ယင်းမုန့်ဟင်းခါးထုပ်ကို တာရှည် အထားခံသည့် ဓာတုပစ္စည်းများ မပါဝင်ဘဲ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပြီး  လိုအပ်သည့် တညင်ရွက်(ဒေသအခေါ် လန်ဂေါ်ရွက်)ကို ထားဝယ်မြို့ကတင်ပို့ ပေးရကြောင်း ဒေါ်ကလျာအောင်က ပြောသည်။

ယင်းမုန့်ဟင်းခါးတစ်ထုပ်ကို ကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အကြား ရောင်းချ နေပြီး နောက်ပိုင်းတွင်ကုန်တိုက်များ တွင်ပါ တင်ရောင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျော်သူစိုး