ဟိန္ဒားသတ္တုတွင်း သတ္တုထုတ်ခွင့် မြန်မာပွန်ပီပက်အား သက်တမ်းတိုးပေးခြင်း ရပ်နားထားရန် ဒေသခံများ တောင်းဆို

0
1273

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ်ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးပါက ထပ်မံသက်တမ်း တိုးပေးခြင်းကို ရပ်နားထားရန် ဒေသခံများက တောင်းဆိုလိုက်သည်။

သတ္တုတွင်းတစ်ဝိုက်တွင်နေထိုင်သည့် ရွာ ၃ ရွာမှ ဒေသခံ ၈၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုးကာ   ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးထံ မေလ ၂၀ ရက်တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းမှာ လာမည့် ဇွန်လ ၃၀ ရက် တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ(MPC)က သတ္တုထုတ်လုပ်ခဲ့သည့်ကာလတစ်လျှောက် အတွင်း စည်းကမ်းမဲ့ သတ္တုထုတ်လုပ်မှုများကြောင့် လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်၊ ချောင်းများ၊ ဒေသခံတို့၏ အိမ်မြေ၊ သောက်သုံး ရေတွင်းများ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ပျက်စီးခဲ့ရပြီး ကုမ္ပဏီနှင့် ရွာသားများအကြား တရားစွဲဆို မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုတောင်းဆိုမှုမှာ ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည် ကုစားနိုင်ရေး၊ ပျက်စီးသွားသော ချောင်းများ အား မူလအနေအထားနီးပါး ပြန်လည် ပြုပြင်ပေးရေး၊ ရေတွင်းများ ပျက်စီးသွား သော မြောင်းပြိုရွာအတွက် သောက်သုံးရေ ရရှိရေးတို့ကို ကုမ္ပဏီဘက်မှ ဒေသခံများ နှင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်တို့ကို ဆောင်ရွက်ပေးခြင်း မရှိသရွေ့ သက်တမ်းတိုးပေးခြင်း မပြုရန် တောင်းဆိုကြခြင်း ဖြစ်သည်။

ထို့ပြင် နှုန်းစစ်ကန်များ ပြုပြင်ဆောင်ရွက်ရန်၊ သတ္တုတွင်း နည်းဥပဒေအရ သတ္တုတူးဖော်ပြီးသောနေရာများအား မြေဖို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း အမြန်ဆုံး ပြုလုပ်ရန်နှင့် သတ္တုတွင်းအလုပ်သမားများအား အလုပ်သမားအခွင့်အရေး အပြည့် အ၀ပေးရန် တောင်းဆိုကြသည်။

ပြဿနာ အရင်းအမြစ်များကို မဖြေ ရှင်းဘဲ သက်တမ်း ထပ်တိုးပေးမည်ဆိုပါ က ဒေသခံများအနေဖြင့် နစ်နာပြီးရင်း နစ်နာနေကြရတော့မည်ဟု ဦးဆောင် တောင်းဆိုသူတစ်ဦးလည်းဖြစ်၊ ဟိန္ဒား သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင် လည်းဖြစ်သည့် ဦးရဲအောင်က ပြောသည်။

“ကျန်တဲ့ ကုမ္ပဏီတွေကလည်း ဒီကုမ္ပဏီကို အတုခိုးပြီး လိုက်လုပ်လာနိုင် တဲ့ အနေအထားမျိုး ဖန်တီးပေးနေသလို ဖြစ်နေလိမ့်မယ်”ဟု ဦးရဲအောင်က ပြော သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ကမူ ဟိန္ဒားသတ္တုလုပ်ကွက်တွင်  မြန်မာပွန်ပီပက် ကုမ်္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံး ပါက တင်ဒါစနစ်ဖြင့်သာ ဆောင်ရွက်သင့် ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ သဘောထား မှတ်ချက်ပေးထားသည်။

ကုမ္ပဏီဘက်မှ ပြည်ထောင်စုအစိုးရထံ နောက်ထပ်ထုတ်လုပ်ခွင့် ချထားပေး ရန် တင်ပြခဲ့ရာ ပြည်ထောင်စုမှ တိုင်းအစိုးရ အဖွဲ့ထံ သဘောထားမှတ်ချက် တောင်းခံ သဖြင့် ၂၀၁၈ စက်တင်ဘာလက အထက်ပါအတိုင်း သဘောထားမှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ပြောဆိုခဲ့ဖူးသည်။

ဟိန္ဒားသတ္တုတွင်း၏ မြေပြင်အနေ အထားအရ မြန်မာပွန်ပီပက်ကုမ္ပဏီမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်သည့်ကုမ္ပဏီများကို တင်ဒါ စနစ်ဖြင့် ယှဉ်ပြိုင်နိုင်စေရန် ယင်း သို့သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်မောင်က ပြောခဲ့သည်။

ဥပဒေအရ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုက ချထားပေးခြင်း ဖြစ်သည်။

လက်ရှိ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးအား ယခုနှစ် ဧပြီလက ဟိန္ဒားသတ္တုတွင်းကိစ္စ အကြောင်း ထူး/မထူး မေးမြန်းရာ တစ်စုံတစ်ရာ အကြောင်းမထူးကြောင်း ဖြေဆိုခဲ့ သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒား သတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒဿမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ အထိ ၁၅ နှစ်တိတိလည်း ကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန် အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့် ရရှိထားပြီး စည်းကမ်းပျက် သတ္တုထုတ်မှုကြောင့် ယခုအစိုးရလက် ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်းခံခဲ့ရသည်။

Dawei Watch