ပြည်ထောင်စု စနစ်ဖြင့် သစ်တောစီမံအုပ်ချုပ်ခြင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေက သီးခြားသတ် မှတ် ပေးထားတဲ့ မြေနေရာ တချို့ကလွဲလို့ ပြည်ထောင်စု အစိုးရ (ဖက်ဒရယ်အစိုးရက) မြေပိုင်စရာ အကြောင်း မရှိပါဘူး။ မြေယာ စီမံခန့်ခွဲရေးဟာ သက်ဆိုင်ရာ ပြည်နယ် တွေရဲ့ စီမံခန့်ခွဲမှု အာဏာပါ။ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်ခင်က ကိုယ်ပိုင်အုပ် ချုပ်ရေး အပြည့်အ၀ရရှိထားတဲ့ ကွန်ဖက် ဒရိတ်ပြည်နယ်တွေဖြစ်လို့ ပြည်ထောင်စု ပိုင်မြေရယ်လို့ မရှိပါဘူး။

ဖက်ဒရယ် သစ်တောဌာန (ပြည်ထောင်စု သစ်တောဌာန) ရဲ့တာဝန်က ပြည်ထောင်စု ဘုံအကျိုးအလို့ငှာ ပြည်နယ် တစ်ခုချင်းစီရဲ့ သစ်တောစီမံခန့်ခွဲမှုတွေ စံနှုန်းစံထားတွေ ချမှတ်ပေးပြီး ဥပဒေကြောင်းအရ တည့်မတ်ပေးရတဲ့သဘောပဲ ရှိပါတယ်။ သို့သော် ဒီကနေ့မှာ အမေရိကန် ဖက်ဒရယ်သစ်တောဌာနဟာ မြေအများ ဆုံးပိုင်ဆိုင်တဲ့ သစ်တောဌာနကြီး ဖြစ်နေပါတယ်။

ဖြစ်ရပုံကတော့ ပုဂ္ဂလိက သစ်တော တွေကို စီမံခန့်ခွဲတဲ့ကုမ္ပဏီဟာ သစ်တွေသာ စီးပွားဖြစ်ထုတ်သွားမယ် စည်းကမ်း ချမှတ်ထားတဲ့အတိုင်း သစ်တောပြန်လည် ထိန်းသိမ်းရေးကို ဖိဖိစီးစီး မလုပ်ကြပါဘူး။

သစ်တောပြုန်းတီးသွားမယ့် မြေတွေ ကို ဒီအတိုင်းပစ်ထားတာထက် နယ်စီးခြား ခြင်းမရှိတဲ့ သစ်တောတွေကရတဲ့ ပတ်ဝန်းကျင်ရေးရာ ၀န်ဆောင်မှု Ecosystem services အတွက် ပြန်လည်ပြုစုပျိုး ထောင်ဖို့ ကုမ္ပဏီတွေနဲ့ညှိနှိုင်းပြီး ပုဂ္ဂလိက မြေတွေကို ပြည်ထောင်စုအစိုးရက ပြန် လည် ၀ယ်ယူရာကနေ ကာလကြာသည် နှင့်အမျှ ပြည်ထောင်စုအစိုးရက ပိုင်တဲ့ သစ်တောနဲ့ စားကျက်မြေတွေ တဖြည်းဖြည်း များလာတာပါတဲ့။

ဒီမြေတွေကို ပြုစုပြီး စားကျက်မြေတွေ အဖြစ်လည်း စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို ပြန်လည်ချပေးပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုမှာ ပြည်နယ်ကအုပ်ချုပ်တဲ့ သစ်တောမြေ၊ စားကျက်မြေ၊ ပတ်ဝန်းကျင် ထိန်းမြေ ရှိသလို ပြည်ထောင်စုက တိုက်ရိုက် တာဝန်အုပ်ချုပ်တဲ့ အလားတူ သစ်တောမြေတွေ ရှိနေပါတယ်။

မြန်မာပြည်မှာ ဒီကနေ့ ဆွေးနွေးနေတဲ့ သယံဇာတဆိုင်ရာ အာဏာခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေကောက်ခံရေး ကိစ္စတွေမှာ သစ်တောမြေနဲ့ပတ်သက်ရင် ဘယ်လို ပြည်ထောင်စုနဲ့ ပြည်နယ် ခွဲဝေမလဲဆိုတာ စဉ်းစားဖို့ လိုတယ်။

ဗေဒင်မေးစရာ မလိုပါ။ အစိုးရဌာန ဆိုင်ရာမှာ လုပ်နေတဲ့သူများရဲ့သဘော ထားကို မေးရင် သစ်တောနယ်မြေတွေကို ပြည်ထောင်စုကပဲ ချုပ်ကိုင်ထားသင့်တယ်လို့ တညီတညွတ်တည်း ပြောကြမယ် ထင်ပါတယ်။ အကြောင်းပြချက်တစ်ခုက ပြည်နယ်တွေမှာ စွမ်းဆောင်နိုင်တဲ့ စွမ်းရည်နဲ့တောင့်တင်းသန်မာတဲ့ အဖွဲ့ အစည်း မရှိလို့ပါဆိုပြီး ဆင်ခြေပေးကြမယ် ထင်ပါတယ်။ ဟိုတုန်းကဆိုရင်တော့ သစ်တောက ၀င်ငွေဟာ တိုင်းပြည် ဘဏ္ဍာအတွက် အရေးကြီးလို့ မပေးနိုင်ဘူး ပြောကြလိမ့်မယ်။ ခုကျတော့လည်း သစ်တောက ၀င်ငွေက မပြောပလောက်တော့ ဒီအတွက် တော့ ဗျာများမယ် မထင်ပါဘူး။

ဒီနေရာမှာ သေသေချာချာ စဉ်းစား ကြည့်ရင် ဒေသအခြေအနေကို ဗဟိုက စဉ်းစားဆုံးဖြတ်ပြီး ညွှန်ကြားလုပ် ကိုင်စေတဲ့ ဗဟိုမှ ဦးစီးစီမံသည့် သစ်တောထိန်းသိမ်းရေး စနစ်ဟာ အလုပ်မဖြစ်တာ သက်သေပါ။ Local solution for local problem ဒေသက ပြဿနာတွေကို ဒေသခံတွေကပဲ ဒေသနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးမို့ ဒေသကို Decentralize လုပ်ဖို့ (သက်ဆိုင်ရာ နယ်အလိုက် အာဏာခွဲဝေလျော့ချပေးဖို့) လိုတယ်ဆိုတာ မြေပြင်မှာ ကွင်းဆင်း သစ်တောထိန်းသိမ်းရေး လုပ်နေတဲ့ သစ်တောသမားစစ်စစ်တိုင်းက သဘော ပေါက်ပါတယ်။ (ဒါကြောင့်မို့လည်း အတိတ်က ခရိုင်ဝန်တွေက သူတို့တာဝန်ယူ တဲ့သူတို့သစ်တော ဘယ်လိုစီမံခန့်ခွဲမယ် ဆိုတာ ကိုယ်တိုင်ရေးဆွဲခဲ့ကြတာပါ) သူတို့တွေကတော့ ဗဟိုကနေ ပြည်နယ်/ တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ ခွဲပေးဖို့ သဘောတူကြမှာပါ။ စွမ်းဆောင်ရည် မရှိလို့ မပေးရင် ဘယ်တော့မှ ရှိလာမှာလည်း မဟုတ်လို့ အချိန်ကာလ တစ်ခုသတ်မှတ်လို့ စွမ်းဆောင်ရည် မြှင့်တင်ရင်း တဖြည်းဖြည်း လွှဲပေးဖို့လိုပါ လိမ့်မယ်။

ဗဟိုကနေ တိုင်းဒေသကြီး/ပြည်နယ်တွေကို သစ်တောဆိုင်ရာ စီမံခန့်ခွဲရေး အာဏာ လွှဲပြောင်းပေးတဲ့အခါမှာ စဉ်းစားစရာ တစ်ခုက ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ ဂေဟ၀န်ဆောင်မှု ကိစ္စတွေပါ။ (သတိချပ်ရန်- အထက်စည်းက အောက်ကို ခွဲဝေပေးတာ မဟုတ်ဘဲ  ပြည်နယ်တွေကို တန်းတူစဉ်းစားပြီး လွှဲပြောင်းပေးရမယ် ဆိုတဲ့ သဘောထားကို ထားရှိရန်ပါ) ဒါကတော့ နယ်မြေတစ်ခုကနေတစ်ခု ကျော်လွန် ဆက်စပ်နေတဲ့ သဘောသဘာဝရှိ တော့ ပြည်နယ်တစ်ခုရဲ့ နယ်မြေတစ်ခု တည်းမှာရှိတဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျော်လွန် လုပ်ဆောင်ရမယ့် လိုအပ်ချက် ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတော်အနေနဲ့ နိုင်ငံတကာ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် စာချုပ်တွေမှာ မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူ ထိန်းသိမ်းရမယ့် ကတိက၀တ် တွေ ရှိပါတယ်။

ဥပမာ အားဖြင့် ကုလသမဂ္ဂ၏ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူညီချက် အရဆိုရင် သားငှက်ဇီဝထိန်းသိမ်းရေး အတွက် ၁၇.၅ ရာခိုင်နှုန်း အထိ နိုင်ငံရဲ့ နယ်မြေတွေကို သဘာဝထိန်းနယ်မြေတွေ အဖြစ် ဖွဲ့စည်းကာ ထိန်းသိမ်းဖို့ လိုပါ တယ်။ ကမ္ဘာ့ရာသီဥတု ပြုပြင်ပြောင်းလဲရေး အတွက်ဆိုရင် နိုင်ငံရဲ့  ၃၀ ရာခိုင်နှုန်း နယ်မြေတွေကို သစ်တောထိန်းသိမ်းရေး နယ်မြေအဖြစ် ထိန်းထားဖို့ ကတိက၀တ် တွေ ရှိနေပါတယ်။

ဒါတွေ လုပ်ဆောင်တာဟာလည်း အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် ဖြစ် တာမို့ ပြည်ထောင်စုအစိုးရဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရမယ့် တာဝန်နဲ့ အာဏာကို ချိတ်ဆက်ထားဖို့ လိုနေပါ သေးတယ်။

ဒါကြောင့်မို့လို့ ပြည်နယ်တွေမှာ သစ်ထုတ်နိုင်တဲ့ ကြိုးဝိုင်းတောနဲ့ ကြိုးပြင်တောတွေကို စီမံခန့်ခွဲမှုအာဏာ ကို ပြည်နယ်ကို ပေးရမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း အလို့ငှာ သားငှက်ထိန်းသိမ်းရေးနယ်မြေတွေ ရေဝေရေလဲတောတွေ၊ စိမ့်စမ်းမြေတွေနဲ့ ဒီရေရောက်တောတွေ ကို ဗဟို ပြည်ထောင်စုက ဆက်လက်ထိန်း သိမ်းသင့်ပါတယ်။ စီးပွားဖြစ် သစ်(ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်) မရှိတော့ပေမယ့် သစ်တောဖုံးလွှမ်းမှုကောင်းနေသေးတဲ့ ကြိုးဝိုင်းတွေကို ပတ်ဝန်းကျင်ထိန်းတော တွေအဖြစ် အဆင့်အတန်းပြောင်းလဲပြီး ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ထားသင့်ပါတယ်။ ကြိုးဝိုင်းတော၊ သားငှက်ထိန်းသိမ်းရေးတော မဖွဲ့စည်း ရသေးတဲ့ သစ်ပင်ပေါက်ရောက်မှုကောင်းတဲ့ ကြိုးပြင် သစ်တောတွေ စီမံခန့်ခွဲမှု ကိုတော့ Concurrent Power လို့ ခေါ်တဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ပူးတွဲအုပ်ချုပ် တဲ့နယ်မြေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ သို့မှလည်း ပြည်ထောင်စုရဲ့ ဘုံအကျိုးစီးပွား နိုင်ငံတကာ ကတိက၀တ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုအောက် မှာရှိတဲ့မြေတွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရက သက်ဆိုင်သူတွေ အားလုံးနဲ့ ဆွေးနွေးပြီး ပြည်နယ်ဥပဒေကို လိုသလို ပြဋ္ဌာန်းသွားဖို့ပါပဲ။ မြေလွတ် မြေရိုင်းဆိုတာ မရှိသင့်ပါ။

ဒီလို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် လျှော့ချပေးတာ လုပ်တာတောင်မှ အောက်ခြေအဆင့် စီမံအုပ်ချုပ် ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် ဖက်ဒရယ်ဟာ စိတ်ကူးယဉ်တဲ့ ဖက်ဒရယ်ပဲ ဖြစ်သွားမှာပါ။

ဒီနေရာမှာ အင်မတန်လက်တွေ့ကျတဲ့ အချက်က ပြည်နယ်က အာဏာလွှဲ ပြောင်းမှုအရ အုပ်ချုပ်ရမည့် သစ်တော တွေအတွက် ပြည်နယ်သစ်တောဌာန တွေဖွဲ့စည်းရေး၊ ဗဟိုမှ ၀န်ထမ်းများလွှဲ ပြောင်းပေးရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင် ရေးတို့ပါပဲ။

ဒီနေ့ သစ်တောဦးစီးဌာနမှာလုပ်နေတဲ့ ၀န်ထမ်းတွေကိုမေးရင် အားလုံးလိုလိုက ပြည်ထောင်စု သစ်တောဌာနအောက် မှာပဲ လုပ်လိုကြပြီး ပြည်နယ်ကတိုက်ရိုက် ထိန်းချုပ်မယ့် သစ်တောဦးစီးဌာနကို ပြောင်း ရွှေ့လိုစိတ်ရှိမှာ မဟုတ်ပါ။ အင်ဒိုနီးရှားမှာ ဆယ်နှစ်အတွင်း ပြောင်းရွှေ့နိုင်ရေး ကြိုးစားပေမယ့် ဒီကနေ့အထိ မပြောင်း လိုတဲ့အတွက် Decentralization ဟာ အတော်ဂွကျကျ ဖြစ်နေတာတွေ့ရပါတယ်။ ပြည်နယ်အတွင်းကောက်လို့ရတဲ့ သစ်တောခွန်ကို ပြည်နယ်အစိုးရကယူပြီး သစ်တောဝန်ထမ်းကိုတော့ ပြည်ထောင်စု ဗဟို အစိုးရကခန့်၊ ဗဟိုအစိုးရ ဘတ်ဂျက်နဲ့ ၀န်ထမ်းလစာပေးဆိုတာ အဓိပ်္ပာယ် မရှိပါဘူး၊ ပြည်နယ်က ရနိုင်တဲ့ အခွန်အပေါ်မူတည်ပြီး ၀န်ထမ်းအင်အား သတ်မှတ် ပြည်နယ်အတွင်း ခန့်အပ် တာဝန်ပေး တိုက်ရိုက်အုပ်ချုပ်တာပဲဖြစ် သင့်ပါတယ်။ ကိုယ်တိုင် လုံးလုံးရတဲ့ အခွန်ကနေ ရပ်တည်ပြီး စီမံခန့်ခွဲနိုင်ခြင်း မရှိသေးတဲ့ အချိန်မှာတော့ ဗဟိုက ယာယီဝင်ရောက် ကူညီထိန်းသိမ်းပေးရမှာ ဖြစ်ပေမဲ့ ရေရှည်မှာ ပြည်နယ်တွေ ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်ရမှာပါ။

ဒါကြောင့် ဖက်ဒရယ်တောင်းဆိုတဲ့ တိုင်းရင်းသားတွေကလည်း ဗဟိုက ရရင်ပြီးရော အာဏာလွှဲပြောင်းရေး အခွန်လွှဲပြောင်းပေးရေး တောင်းဆိုနေရုံ သာမက ဒီလို လက်တွေ့ကျကျ တွေ့လာ ရမယ့်စိန်ခေါ်မှုအတွက်လည်း ကြိုတင် စဉ်းစား ပြင်ဆင်မှုတွေ လုပ်ဖို့လည်း လိုပါတယ်။ ဒီလို မလုပ်ခဲ့ရင် ဒေသခံပြည်သူ တွေလိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုဟာ ပြည်ထောင်စုက လည်းမပေး၊ ပြည်နယ် ကလည်း တာဝန်မယူနိုင် မျောက်သစ် ကိုင်းလွတ် ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စဟာ သစ်တော ဌာနတစ်ခုတည်းသာမက ကျန် ပညာရေး၊ ကျန်းမာရေး ဌာနတွေမှာ လည်းကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေပါ။

ပြန်ချုပ်ရရင် နိုင်ငံရေး စကားဝိုင်း တွေမှာ Power sharing နဲ့ Revenue sharing က သဘောတူညီချက် ရကောင်းရ နိုင်ပါတယ်။ သို့သော် လက်တွေ့ ဘ၀မှာ ဒီလို ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အကျိုးကျေးဇူး အမှန်တကယ်မခံစားရဘဲ အသားစားတဲ့ ကျားနေရာမှာ သောင်းကျန်း ဖျက်ဆီးတဲ့ ၀ံပုလွေတွေ အစားထိုး ရောက် လာနိုင်တဲ့ အန္တရာယ်ကိုလည်း ကြိုတင် ကာကွယ်ဖို့လိုကြောင်း တင်ပြလိုက်ရပါ တယ်။   ။

စာရေးသူမှာ မြန်မာနိုင်ငံတွင် ထင်ရှားသော သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သည်။

ဝင်းမျိုးသူ