မျိုးသန့်စပါးမျိုးများကို သုံးနှစ်စီမံကိန်းဖြင့် ဖြန့်ဝေမည်

0
728

တနင်္သာရီတိုင်းတွင် မျိုးသန့်စပါးများ အသုံးပြုမှုတွင်ကျယ်လာစေရန် အတွက် သုံးနှစ်စီမံကိန်းဖြင့် အကောင် အထည်ဖော် လျက်ရှိကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

တိုင်းအတွင်း စိုက်ပျိုးလယ်ဧက နှစ်သိန်းကျော်(၂၅၄၀၀၀ဧက) ရှိသည့် အနက် စီမံကိန်းစတင်သည့် ယခုနှစ်တွင် လယ်ဧက ၁၆၀၀ ကို မျိုးသန့်စပါးများ ဖြန့်ဝေနိုင်ရန် လျာထားပြီး လာမည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် လယ်ဧက ၉၆၀၀ ဖြန့်ဝေနိုင်ရန် စီစဉ်ထားကြောင်း ဦးဝင်းအောင်က ပြောသည်။

“လယ်တစ်ဧက မျိုးသန့်စပါး တင်း ၆၀ နှုန်းနဲ့တွက်ပြီးတော့ စီစဉ်ထားတာ။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိပေါ့။ မျိုးစပါး တစ်ခုကို သုံးနှစ်ပေါ့။ သုံးနှစ်ပြီးရင် မျိုးသစ်လဲ၊ အဲလိုပုံစံနဲ့လုပ်မှာ။ ကြားမှာ အလေအလွင့်ရှိမှာနဲ့ဆိုတော့ ခန့်မှန်းသလောက် ရချင်မှလဲရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စီမံကိန်းဖြင့်လုပ်ဆောင် ခြင်းမှာ စပါးထွက်တိုးမှုများလာစေရန်နှင့် အထွက်နှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မျိုးသန့်စပါးတစ်တင်းလျှင် ကျပ် တစ်သောင်းမှ ကျပ်တစ်သောင်းခြောက် ထောင်အကြား ရောင်းချမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီး ဌာနမှ ရောင်းချပေးနေသည့် မျိုးသန့်စပါး မျိုးများမှာ ကျော်ဇေယျ၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ သုခမွှေး၊ ဆင်းသုခ စသည့် မျိုးများဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး