တရားမ၀င်သတ္တုလုပ်ငန်းများ အရေးယူမည့်အဖွဲ့ စဖွဲ့

0
510

တရားမ၀င်သတ္တုလုပ်ငန်းများကို အရေးယူမည့် အဖွဲ့ကို မေလ ၂ ရက်က ဖွဲ့စည်းလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

အမှတ်(၂) သတ္တုတွင်းဌာနက အဖွဲ့ အခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန ၆ ခု ပါဝင်သည့် တရားမ၀င်သတ္တု တူးဖော် နေမှုများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါအဖွဲ့က တရားမ၀င်သတ္တု တူးဖော်နေသူများ၊ တရားမ၀င် သတ္တုရောင်းဝယ်နေမှုများကို စုံစမ်းဖမ်းဆီးမည် ဖြစ်ပြီး နယ်ဒေသအပြင် မြို့တွင်းဧရိယာ အတွင်းတွင်လည်း လှုပ်ရှားဆောင်ရွက် မည်ဖြစ်ကြောင်း ၀န်ကြီးဦးလှထွေးက ဆိုသည်။

ထားဝယ်မြို့အတွင်းတွင်ပင် တရားမ၀င် သတ္တုရောင်းဝယ်မှုများရှိနေသည်။

လက်ရှိတွင် အဆိုပါအဖွဲ့အနေဖြင့် လုပ်ငန်းစီမံချက် အသေးစိတ်ကို ရေးဆွဲ နေဆဲဖြစ်ကြောင်း ၀န်ကြီးဦးလှထွေးက ဆိုသည်။

“အဓိကကတော့ ဖမ်းဖို့ပါပဲ။ ထုတ် လုပ်မှုရှိမယ်ဆို ထုတ်လုပ်တဲ့ဟာကို ဖမ်းမယ်၊ ထုတ်လုပ်တာကို သယ်သွားတဲ့လမ်းမှာ ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ဖမ်းဖို့ပါပဲ”ဟု ၀န်ကြီးဦးလှထွေးက ပြောသည်။

ယင်းအပြင် သတ္တုမှောင်ခိုရောင်းဝယ် မှုများကိုလည်း ဖမ်းဆီးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါအဖွဲ့ဖွဲ့စည်းရန် ယခင်က တိုင်းအစိုးရက လုပ်ဆောင်နေသကဲ့သို့ လက်ရှိတွင် ပြည်ထောင်စုအစိုးရကလည်း ညွှန်ကြားထားကြောင်း ဦးလှထွေးက ပြောသည်။

တရားမ၀င်သတ္တုတူးဖော်ခြင်း၊ ရောင်းဝယ်ခြင်းများကို ဖမ်းဆီးအရေးယူ မည်ဆိုပါက တရားဝင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ အတွက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း တောင်ပိုင်းဒေသ သတ္တုတွင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး အများနှင့် သက်ဆိုင်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးသန်းထွဋ်က ဆိုသည်။

“တရားဝင်လုပ်နေတဲ့လူတွေ အတွက် ပိုကောင်းတာပေါ့”ဟု ဦးသန်းထွဋ်က ပြောသည်။

တနင်္သာရီတိုင်းတွင် ကျောက်မီးသွေး၊ ထုံးကျောက်၊ ဖန်ချက်သဲ၊ ခဲမဖြူ အဖြိုက် နက်၊ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်၊ ဂေါဒန်၊ သလင်း စသည့်သတ္တုများထုတ်လုပ်ရန် အကြီးစားသတ္တုလုပ်ကွက် ၁၉ ခု၊ အသေးစား သတ္တုလုပ်ကွက် ၃၄ ခုကို ပြည်ထောင်စုမှ ခွင့်ပြုပေးထားသည်။

ယင်းအပြင် လက်လုပ်လက်စားနှင့် အသေးစားသတ္တုလုပ်ခွင့်လျှောက်ထားသူပေါင်း တစ်ရာဝန်းကျင်ရှိကြောင်း    တနင်္သာရီတိုင်းဒေသကြီး သတ္တုလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch