မြိတ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ငါးလုံးဆောက်မည်

0
455
ဓာတ်ပုံ - ဝေယံစိုး

မြိတ်ခရိုင်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ငါးလုံးကို ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

မုန်တိုင်းဒဏ်ခံအဆောက်အုံကို မြိတ်မြိုနယ် သဗျာကျေးရွာ၊ တနင်္သာရီမြို့နယ် မြေမအုံကျေးရွာ၊ ကျောက်မိကျောင်းကျေးရွာ၊ ကျွန်းစုမြို့ နယ်တွင် ကော့မဲအရှေ့ကျေးရွာ၊ ပုလော မြို့နယ်တွင် ပြင်ဘုကြီးကျေးရွာ စသည့် ကျေးရွာငါးရွာတွင် ဆောက်လုပ်မည်ဖြစ် ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ပြောသည်။

“အခုနောက်ပိုင်း သဘာဝဘေးတွေ ဖြစ်များလာလို့ ဘေးဖြစ်လာပြီဆိုရင် ဒေသခံတွေသွားပြီး ခိုလှုံလို့ရအောင် ကြို တင်ပြင်ဆင်တဲ့အနေနဲ့ ဆောက်ပေးတာ” ဟု ၎င်းက ဆိုသည်။

ယင်းမုန်းတိုင်းဒဏ်ခံ အဆောက်အအုံ ငါးလုံးကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆောက် အအုံတစ်လုံးလျှင် လူ ၅၀၀ ဦးဝင်ဆံ့ ကြောင်း ဒေါ်ဝင်းစန္ဒာကြည်က ပြောသည်။

ယင်းအပြင် တနင်္သာရီတိုင်းအတွက် သဘာဝဘေးကျရောက်ပါက ကယ်ဆယ် ရေး၊ ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် လူ ၂၀ ဆန့် Speed Boat နှစ်စီး၊ လူ ၅၀ ဆန့် သံခွံလှေ နှစ်စီးကို လည်း ယင်းကော်မတီက ချထားပေးထားကြောင်း ၎င်းက ပြောသည်။

“လှေကတော့ ဘယ်မြို့နယ်အတွက် ဆိုပြီးတော့မဟုတ်ဘူးပေါ့နော်။ တနင်္သာရီ တိုင်းအတွက်ပဲပေါ့။ ဘယ်ကိုချ ပေးမယ် ဆိုတာက တိုင်းအစိုးရ ဆုံးဖြတ်ချက်ပေါ် မှာမှုတည်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကမူ သရက်ချောင်းမြို့နယ် ကနက်သီရိကျေး ရွာ၊ လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေး ရွာနှင့် ကော့သောင်းမြို့နယ် ပုလုံးတုံတုံး ကျေးရွာတို့တွင် မုန်တိုင်းဒဏ်ခံ အဆောက် အအုံ သုံးလုံးဆောက်လုပ်ထားပြီးဖြစ် ကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံမှ သိရ သည်။

ကျော်သူစိုး