တိုင်းတွင်း ဌာနမီတာများ ယူနစ်နှစ်ဆယ်အထိ ၃၅ ကျပ်နှုန်းဖြင့် သုံးစွဲခွင့်ရရေး လှုပ်ရှားမှု စတင်မည်

0
1131

တနင်္သာရီတိုင်းအတွင်း ဌာနမှ တပ်ဆင်ထားသည့်မီတာများကို နှစ်ဆယ်ယူနစ် အထိ ၃၅ ကျပ်နှုန်းထားဖြင့် သုံးစွဲခွင့်ရရှိရေး လက်မှတ်ရေးထိုးတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ်ကို စတင်မည်ဟု တိုင်း တွင်း လျှပ်စစ်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

မေလ ၁၈ ရက်က ထားဝယ်မြို့တွင် ကျင်းပသည့် ထားဝယ်ခရိုင် လျှပ်စစ်ပြသနာဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြပြီးနောက် ယင်းသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

မြိတ်နှင့် ကော့သောင်းမြို့များတွင်လည်း အလားတူဆွေးနွေးပွဲများ ကျင်းပ ရှင်းလင်းပြီး ဇွန်လအတွင်း တိုင်းအတွင်းရှိ ဌာနမီတာသုံးစွဲသူများထံမှ လက်မှတ်များ စုဆောင်းကောက်ခံကာ သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်တို့ထံ ပေးပို့တောင်းဆိုသွားမည်ဟု လျှပ်စစ်အရေး တက်ကြွလှုပ်သူများက ပြောသည်။

“ဒါကို အားလုံးလက်ခံမယ်ဆိုရင် လက်မှတ်ကောက်ခံပြီး သမ္မတဆီ တိုက်ရိုက် သွားတင်မယ်”ဟု လျှပ်စစ်ဆွေနွေးပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသန်းဝင်းက ပြောသည်။

မဟာဓာတ်အားလိုင်းမရောက်သေး သည့် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဌာနမီတာများကို ယူနစ် ၂၀ အတွက် ၃၅ ကျပ်နှုန်းဖြင့် ပေးဆောင်နိုင်ရန် ပြည်ထောင်စုမှ ထောက်ပံ့ထားကြောင်း တိုင်းနှင့်ပြည်နယ်အချို့တွင် လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် ဖိုးသီးချို လျှပ်စစ်ဝန်ဆောင် မှုကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဝင်းထိန်က ပြောသည်။

အကယ်၍ တောင်းဆိုမှု အောင်မြင် ပါက ဌာနမီတာ သုံးစွဲသူများအနေဖြင့် ယူနစ် ၂၀ အထိကို ၃၅ ကျပ်နှုန်းဖြင့် ပေးဆောင် ရမည်ဖြစ်ကာ ယူနစ် ၂၀ ထက်ပိုသုံးစွဲထားသော ယူနစ်များအတွက် သက်ဆိုင်ရာ မီးပေးသည့် ကုမ်္ပဏီ၏သတ်မှတ်နှုန်းထား အတိုင်း ပေးချေရမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလစာရင်းအရ တနင်္သာရီတိုင်းအတွင်း ဌာနမီတာ သုံးသောင်းကျော်(၃၁၂၄၉)ရှိကြောင်း တိုင်းဒေသကြီးလျှပ်စစ်ရုံး မှတ်တမ်းအရ သိရသည်။ ထပ်တိုးတပ်ဆင်မှုများလည်း ရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဌာနမီတာ မရှိသော(သို့မဟုတ်)အစိုးရလျှပ်စစ်လိုင်း မရောက်သော မြို့ပြ၊ကျေးလက်နေအိမ်အသီးသီးတွင် သက်ဆိုင်ရာ မြို့/ရွာမီးလင်းရေးကော်မတီများမှ မီးလင်းရေး ကော်မတီ မီတာများကို သတ်မှတ်နှုန်းထား အသီးသီးကောက်ခံ တပ်ဆင်ပေးခဲ့ကြသည်။

ယခုလက်ရှိ အစိုးရလျှပ်စစ်ဓာတ်အားလိုင်း ရောက်ရှိဖြန့်ဝေနေသည့် မြို့ရွာများ တွင်ပင် နေအိမ်အများစုက မီးလင်းရေး ကော်မတီမီတာများ သုံးစွဲနေကြဆဲဖြစ်သည်။

ဌာန၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ မီးလင်းရေးကော်မတီ မီတာ ခြောက်သောင်းကျော်(၆၅၉၀၃)ရှိကြောင်း သိရသည်။

ယင်း မီးလင်းရေးမီတာတပ်ဆင်ထား သူများအတွက် ယခုလှုပ်ရှားမှုက အကျိုးသက်ရောက်ဦးမည် မဟုတ်ပေ။   

Dawei Watch