ဥပဒေအထောက်အကူပေးရေးအဖွဲ့ အမှု ဆယ်မှုနီးပါး အခမဲ့ရှေ့နေလိုက်ပေး

0
447

တနင်္သာရီတိုင်းဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အချိန်ခုနစ်လခန့် ကာလအတွင်း အမှုပေါင်း ၁၀ မှုနီးပါးကို ရှေ့နေ အခမဲ့ လိုက်ပေးခဲ့ကြောင်း ယင်း အဖွဲ့ထံမှ  သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ လက်ရှိအချိန်အထိ ထားဝယ်ခရိုင်တွင် အမှု ၃ မှု နှင့် ကော့သောင်းခရိုင်တွင် အမှု ၅ မှုကို အခမဲ့ရှေ့နေ လိုက်ပေးနေကြောင်း အထက်ပါ အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်မြင့်က ဆိုသည်။

ယင်းအပြင် ရှေ့နေလိုက်ပေးရန် ဆုံးဖြတ်ထားသည့် အမှု ၄ မှုရှိသေးကြောင်း ၎င်းင်းက ပြောသည်။

အဆိုပါအဖွဲ့တွင် အမှုကိစ္စနှင့် ပတ်သက်၍ ဆင်းရဲနွမ်းပါးသူ၊ ကလေးသူငယ်၊ ကူးစက်မြန်ရောဂါခံစားနေရသူ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ မသန်စွမ်း၊ ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံခြားသား အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများက အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မြို့နယ်အဆင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးခန်းများကိုလည်း တိုင်းအတွင်းရှိ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ မြို့နယ်ရုံးများ တွင်လည်း အကူအညီတောင်းခံနိုင်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

အဆိုပါအဖွဲ့တွင် တရားမအမှုနှင့် ရာဇ၀တ်မှုနှစ်ခုလုံးအတွက် ဥပဒေဆိုင်ရာ အကြံဥာဏ်များလည်း တောင်းခံနိုင်ပြီး အဖွဲ့အနေဖြင့် ဆွေးနွေးအကြံပေးနေကြောင်း ၎င်းက ပြောသည်။

“အကြံပေး ဆွေးနွေးပေးရတာက များတယ်” ဟု ဦးအောင်မြင့်က ဆိုသည်။

ကိုဇော်