တနင်္သာရီ-ကျွန်းစု မြစ်ကူးတံတား ၂၀၂၁ နောက်ပိုင်းဆောက်မည်ဟုဆို

0
462

မြိတ်ခရိုင် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့အား ဆက်သွယ်ပေးမည့် မြစ်ကူးတံတားတစ်စင်းကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

မေလ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက မြစ်ကူးတံတားကိုပြည်ထောင်စုရန်ပုံငွေ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိကို မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြစ်ကူးတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလ များတွင် ပြည်ထောင်စုရန်ပုံငွေတွင် ထည့် သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးဟန်ဇော်က ဖြေကြားခဲ့သည်။

မြစ်ကူးတံတားကို တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအုပ်စုရှိ လယ်သစ် အရှေ့ရွာနှင့် လယ်သစ်အနောက်ရွာ အကြားရှိ လယ်သစ်မြစ်အားဖြတ်သန်းပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

“လယ်သစ်အနောက်ရွာကုန်းမြေက ကျွန်းစုမြို့နဲ့တဆက်တည်းဖြစ်နေတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

လယ်သစ်အနောက်ရွာမှာ ကျွန်းစု မြို့နယ် ၀ါရစ်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ဆက်စပ်နေကြောင်း ကျွန်းစုမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသိုင်းအ၀ိုင်းထံမှ သိရသည်။

မြိတ်-ကျွန်းစုမြစ်ကူးတံတားတစ်စင်းဖြစ်သည့် မင်းသန်း-မောင်းလှော်မြစ် ကူးတံတားကို၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေး နှစ်တွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်မိုရ်(မြိတ်)