ထားဝယ်-ထီးခီးလမ်းအခြေအနေ ကုမ္ပဏီသုံးခု ကွင်းဆင်းလေ့လာနေ

0
1471
ထားဝယ်-ထီးခီးလမ်းရှိ မေတ္တာတံတား ဓာတ်ပုံ - ကိုဇော်

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အပါအ၀င်ဖြစ်သည့် ထားဝယ်-ထီးခီးလမ်းစီမံကိန်းအတွက် အကြံပေး ကုမ္ပဏီ သုံးခုက ကွင်းဆင်းလေ့လာနေ ကြောင်း NEDAထံမှ သိရသည်။

အိမ်နီးချင်းနိုင်ငံများစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(NEDA) သည် ထားဝယ်-ထီးခီး လမ်းစီမံကိန်းအတွက် ဘတ်ငွေ ၄.၅ ဘီလီယံ ထုတ်ချေးရန် စီစဉ်နေသည့် ထိုင်းနိုင်ငံ အစိုးရ၏ အေဂျင်စီ ဖြစ်သည်။ 

ထားဝယ်-ထီးခီးလမ်း အန္တရာယ် ကင်းရှင်းစေရေးအတွက် ဒီဇိုင်းကို ပြန် လည်ပြုပြင်ရန်နှင့် လမ်းအနေအထားကို INDEX International Group Co.,Ltd ၊ Decade Consultant Co.,Ltd ၊ PSK Consultant Co.,Ltd  တို့က ကွင်းဆင်း လေ့လာနေကြောင်း NEDA အဖွဲ့ ကိုယ်စားလှယ် အဝေးပြေးလမ်း အင်ဂျင်နီယာက ပြောသည်။

“နှစ်လမ်းသွားအတွက်ကို ကုမ္ပဏီ သုံးခုကနေ လာရောက်တိုင်းထွာ လေ့လာနေ ပါတယ်။ လမ်းကို မတည်ဆောက်ခင် အရင် စစ်ဆေးကြည့်ရှုမှာ ဖြစ်တယ်”ဟု အဆိုပါအင်ဂျင်နီယာက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်(ရေ နက်ဆိပ်ကမ်း)-မေတ္တာ-ထီးခီး နှစ်လမ်း သွားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ ပထမအကြိမ် လူထုတွေ့ ဆုံပွဲကို မေလ ၁၇ ရက်က ထားဝယ် အထူးစီးပွားရေးဇုန်ရုံးတွင် ပြုလုပ်ခဲ့ပြီး မြန်မာစိုးရတာဝန်ရှိသူများ၊ NEDA တာဝန်ရှိသူများနှင့် ဒေသခံများ တက် ရောက်ခဲ့ကြသည်။

ရေနက်ဆိပ်ကမ်း-မေတ္တာ-ထီးခီး လမ်းကို အဆင့်မြှင့်ရန်အတွက် ဘတ်ငွေ ၄.၅ ဘီလီယံကို မြန်မာအစိုးရက NEDA ထံမှ ရယူရန် သဘောတူထားသည်။

ယင်းကြောင့် ငွေချေးမှုများ မပြုလုပ်မီ အကြံပေးကုမ္ပဏီသုံးခုက ကွင်းဆင်းလေ့ လာနေခြင်း ဖြစ်သည်။

ကုမ္ပဏီသုံးခု၏ ကွင်းဆင်းလေ့လာမှုများမှာ လာမည့် စက်တင်ဘာလတွင်ပြီးဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ကုန် ကျစရိတ်အတိအကျထွက်လာမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်  စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ မြင့်ဆန်းက ပြောသည်။

“သူတို့ကို မေးကြည့်တဲ့အခါမှာ ဒီပမာဏက လျော့ကျနိုင်ပါတယ်။ ဘယ် လောက်လျော့ကျမလဲဆိုတာကတော့ အခုသူတို့ Consultant (အကြံပေး ကုမ္ပဏီ) ပေါ့နော်၊ လမ်းပိုင်းကို စစ်ဆေး နေတယ်”ဟု ဒေါက်တာမြင့်ဆန်းက ဆိုသည်။

စစ်ဆေးနေဆဲကာလတွင် လမ်းပိုင်း ဒီဇိုင်းပြောင်းလဲခြင်း၊ အန္တရာယ်များသည့် နေရာများပြုပြင်ခြင်းများ လုပ်ဆောင်မည် ဖြစ်ပြီး နောက်ဆုံးအဆင့် လမ်းဒီဇိုင်း ထွက်လာချိန် စက်တင်ဘာလ၀န်းကျင် တွင် ကုန်ကျစရိတ်ကို သိရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

လမ်းဒီဇိုင်းနှင့် ကုန်ကျစရိတ် ရပြီး ပါက မြန်မာအစိုးရနှင့် NEDA တို့အကြား ချေးငွေဆိုင်ရာစာချုပ်များချုပ်ဆို မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။

လုပ်ငန်းအဆင့်အဆင့်ကို ချောမွေ့စွာ လုပ်ဆောင်နိုင်မည်ဆိုပါက မြေပြင်တွင် လမ်းစတင်တည်ဆောက်သည့်လုပ်ငန်း ကို ၂၀၂၀ ခုနှစ် အစောပိုင်းတွင် လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြော ဆိုသည်။

“မြန်မယ်ဆိုရင်တော့ ၂၀၂၀ အစပိုင်း လောက်တော့ ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ကြားထဲမှာ  Process( လုပ်ဆောင်မှုအဆင့်ဆင့်) က တချို့ဟာတွေက ကြာတတ် တဲ့သဘောရှိတော့ ဘယ်လောက်လဲ ပေါ့နော်။ ပုံမှန် ရိုးရိုးသွားမယ်ဆိုရင်တော့ ၂၀၂၀ နှစ်ဆန်းပိုင်းလောက်ဖြစ်နိုင်မယ်လို့ ယူဆရတယ်” ဟု ဒေါက်တာ မြင့်ဆန်းက ပြောသည်။

လမ်းတည်ဆောက်ချိန်တွင် မြေယာ လျော်ကြေးနှင့် နေအိမ်ပြောင်းရွှေ့ခြင်းဆိုင်ရာကိစ္စများအတွက် တနင်္သာရီတိုင်း ဒေသ ကြီးအစိုးရနှင့် မြေယာစီမံခန့်ခွဲမှု ကော်မတီ တို့က တာဝန်ယူဖြေရှင်းပေးမည် ဖြစ် ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

“လျော်ကြေးပေးတာ၊ ရွှေ့ပြောင်းတာ အားလုံးက နြီဗ ချေးငွေထဲမှာ လုံးဝမပါပါဘူး။ ဒါကြောင့် ဒီကိစ်္စကို သိတဲ့အတွက် ဒီတိုင်းဒေသကြီးမှာ ယခင်က စီမံဘဏ္ဍာဝန်ကြီးအပါအ၀င် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေပါတဲ့ မြေယာစီမံခန့်ခွဲ မှုကော်မတီဆိုတာ ဖွဲ့ထားပြီးသားဖြစ် ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလမ်းကို နိုင်ငံတော်ပိုင်လမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနလက် အောက်ကို သိမ်းသွင်းရန် စီစဉ်နေပြီး လမ်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် ယခင်က လုပ်ဆောင် ခဲ့သည့် အီတာလျှံ-ထိုင်း ကုမ္ပဏီနှင့် ရှင်းလင်းရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ထံမှ သိရသည်။

လမ်းအဆင့်မမြှင့်မီကာလအတွင်း လမ်းပိုင်းပျက်စီးမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လမ်းဦးစီး ဌာနက တာဝန်ယူပြုပြင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

Dawei Watch