မြိတ်တွင် လည်ပင်းကို ဓားဖြင့်လှီး ဆိုင်ကယ်လုသူအား ၂ နာရီအတွင်း ဖမ်းမိ

0
507

ဆိုင်ကယ်မောင်းသူ၏ လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယက်သူ တစ်ဦးအား အခင်းဖြစ်ပြီး ၂ နာရီအကြာတွင် ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။

မေလ ၁၄ ရက် ည ၈ နာရီခွဲအချိန် ခန့်က မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက်ရပ်ကွက်၊ အထပ်သား စက်ရုံ အနီးတွင်  ခရီးသည်က ဆိုင်ကယ်အငှားယာဉ်မောင်းအား အနောက်မှနေ၍ လည်ပင်းကိုလှီးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

အဆိုပါ တရားခံဟု ယူဆရသူအား ယင်းနေ့ ည ၁၀ နာရီခွဲအချိန်တွင် မြိတ် တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ် ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖမ်းမိခဲ့ကြောင်း ယင်းရပ်ကွက် ရာအိမ်မှူး နှင့် မြို့မရဲစခန်းမှ သိရသည်။

“ဆိုင်ကယ်မှာ သွေးတွေပေနေတာ တွေ့ပြီး တရားခံကို ဖမ်းမိခဲ့တာပါ” ဟု ယင်းရပ်ကွက် ရာအိမ်မှူးက ပြောသည်။

အသက် ၂၂ နှစ်ရှိ တရားခံဟု ယူဆရသူသည် မြိတ်မြို့ ဘုတ်ချောင်းရပ်ကွက်နေသူဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ချိုလွင်ထံမှ သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆိုင်ကယ် အငှားယာဉ်မောင်းသည် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လက်မောင်း၊ ခါးနှင့် လည်ပင်းတွင် ထိုးသွင်းပြတ်ရှဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး လက်ရှိအချိန်တွင် မြိတ်ပြည်သူ့ ဆေးရုံကြီး၌ ကုသမှု ခံယူနေကြောင်း ယင်းဆေးရုံကြီး အရေးပေါ်ဌာနမှ သိရ သည်။

“တစ်ကိုယ်လုံး သွေးတွေနဲ့ ကယ်ပါဦး လို့အော်ပြီး ဒီစက်ရုံထဲ ၀င်ပြေးလာတယ်” ဟု ဆိုင်ကယ်မောင်းသူအား အချိန်မီ ဆေးရုံရောက်ရန် ကူညီပေးခဲ့သူ အထပ်သား စက်ရုံမန်နေဂျာ ဦးပီတာက ပြောပြ သည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း ယင်းနေရာတွင် ဆိုင်ကယ်တက်္ကစီမောင်း သူအား ခရီးသည်က လက်လုပ်သေနတ် ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ကုန်းဖောက်ရပ်ကွက်နှင့် အင်းလေးမြိုင် စက်မှုဇုန်တို့ ဆက်သွယ်ထားသည့် ယင်း လမ်းသည် ညအချိန်မှောင်ပြီး လူသူပြတ် လပ်သည့် နေရာတစ်ခုဖြစ်ကြောင်း ယင်းရပ်ကွက်သားများထံမှ သိရသည်။

Dawei Watch