မောတောင်-စင်ခွန်းနယ်စပ်ဂိတ် အဆင့်တိုးမြှင့်ရန် နှစ်နိုင်ငံနယ်နိမိတ်ကို စနစ်တကျတိုင်းတာရမည်ဟုဆို

0
588

မြန်မာ – ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်-စင်ခွန်းနယ်စပ်ဂိတ် အား အဆင့်တိုးမြှင့်ရန် နှစ်နိုင်ငံနယ်နိမိတ် ကို စနစ်တကျတိုင်းတာရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

မေလ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ် မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာ-ထိုင်း ကုန်သွယ်ရေးနယ်စပ်ဂိတ်စခန်းအား ယာယီအထူးဂိတ်စခန်းမှ အမြဲတမ်း ကုန်သွယ်မှု ဂိတ်စခန်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက မေးမြန်း ခဲ့ရာ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မောတောင်နယ်စပ်ဂိတ်စခန်းအား ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင် အမြဲတမ်းကုန်သွယ်မှု ဂိတ်စခန်းအဖြစ် ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ စင်ခွန်းဂိတ်ကိုမူ အထူးယာယီနယ်စပ်ဂိတ် အဖြစ်သာ ဖွင့်လှစ်ထားသည်။

နယ်စပ်ဂိတ်ကို အဆင့်မြှင့်ရန်အတွက် နှစ်နိုင်ငံနယ်နိမိတ်ကို စနစ်တကျတိုင်း တာရမည့်အပြင် နယ်စပ်ဖြတ်သန်းရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တို့တွင် ဖြည့်စွက် လက်မှတ်ရေးထိုးပြီးပါက တရားဝင်အမြဲတမ်း ကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း  ဒုဝန်ကြီးက ပြောကြားခဲ့သည်။

နယ်စပ်ဂိတ်အား အဆင့်တိုးမြှင့်ဖွင့် လှစ်နိုင်ပါက မြိတ်ဒေသထွက် ရေထွက် ကုန်ပစ်္စည်းများအား မောတောင်ဂိတ်မှ တရားဝင်တင်ပို့နိုင်မည်ဆိုပါက ၈ နာရီခန့် သာကြာသဖြင့် သယ်ယူပို့ဆောင်စရိတ် သက်သာမည့်အပြင် ကုန်ပစ္စည်းအရည် အသွေးထိန်းသိမ်းနိုင်သည့် အကျိုးကျေးဇူး များရရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ဆိုသည်။

နယ်စပ်ဂိတ်အား အဆင့်တိုးမြှင့်ဖွင့် လှစ်နိုင်ရေးတို့အတွက် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးပွဲများနှင့် နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေး ရာတွင် ညှိနှိုင်းလျက်ရှိကြောင်း ဒုတိယ ၀န်ကြီးက ဖြေဆိုခဲ့သည်။

လက်ရှိတွင် မောတောင်-စင်ခွန်း ဂိတ်မှတဆင့် ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် Border Pass (BP) ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ် သန်းခွင့်လက်မှတ် Temporary Boder Pass(TBP) ဖြင့် ၆ ညအိပ် ၇ ရက် သွားလာ ခွင့်ပြုရှိပြီး မြန်မာနိုင်ငံသားများ အနေဖြင့်မူ ပရာကျွတ်မြို့သို့ ၃ ညအိပ် ၄ ရက်သာ ခရီးသွားလာခွင့်ရှိကြောင်း  မောတောင်နယ်စပ်ဂိတ်စခန်းထံမှ သိရသည်။

 မြင့်မိုရ်(မြိတ်)