အဝေးသင်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စ ထားဝယ်တက္ကသိုလ်ရှိ သမဂ္ဂနှစ်ခုစလုံး သဘောမတူ

0
440

အဝေးသင်တက္ကသိုလ်ကျောင်းသားများ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စကို ထားဝယ်တက္ကသိုလ်ရှိ ဆရာများ သမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂ နှစ်ခုစလုံးက သဘောမတူကြောင်းကို အဆင့်မြင့် ပညာ ဦးစီးဌာနထံသို့ သဘောထားမှတ်ချက် ပေးပို့ထားကြောင်း ယင်းသမဂ္ဂနှစ်ခု ထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနက အဝေးသင် အနီးကပ် ဆယ်ရက်ကို ငါးရက်နှစ်ကြိမ်ခွဲ တက်ရန် ယခုနှစ် ဇန်န၀ါရီလက စတင် စီစဉ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အဝေးသင် ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ခဲ့ကြသဖြင့် ယင်းအစီအစဉ်ကို ရပ်နားထားခဲ့သည်။

ယခုမေလအတွင်း မန္တလေးရတနာပုံ တက္ကသိုလ် ဆရာများသမဂ္ဂက အဝေးသင် အနီးကပ် ၅ ရက် နှစ်ကြိမ်တက်ရမည့်ကိစ္စကို ဆက်လက်အကောင်အထည်ဖော်ပေးပါရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြခဲ့ သဖြင့် ယင်းကိစ္စမှာ အဝေးသင် ကျောင်းသားများအကြား ဝေဖန်မှုများပြန်လည် မြင့် တက်လာခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာနက ရတနာပုံ တက္ကသိုလ် ဆရာများသမဂ္ဂတင်ပြတောင်း ဆိုလာသည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များရှိ ဆရာများ သမဂ္ဂ၊ ကျောင်းသားများသမဂ္ဂများ၏ သဘောထားများကို ပေးပို့ရန် မေလ ၉ ရက်က တောင်းဆိုခဲ့သည်။

ယင်းကဲ့သို့ အဆင့်မြင့်ပညာဦးစီးဌာနက သဘောထားတောင်းခံသည့်ကိစ္စကို  သဘောမတူကြောင်း ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂက မေလ ၁၃ ရက်တွင်လည်းကောင်း၊ ကျောင်းသားများသမဂ္ဂက မေလ ၁၅ ရက်တွင်လည်းကောင်း  အဆင့်မြင့်ပညာဦးစီးဌာနထံသို့ သဘောထား ပေးပို့ထားကြောင်း ယင်းသမဂ္ဂနှစ်ခု ထံမှ သိရသည်။

“အဝေးသင်နှစ်ကြိမ်ခွဲတက်ရမယ့် ကိစ္စက ကျောင်းသားတွေအတွက်အဆင် မပြေနိုင်ဘူး။ (အလုပ်ကနေ) ခွင့်နှစ်ကြိမ် ယူပြီးတက်ရမှာဆိုတော့လေ။ တကယ်လို့ လုပ်ချင်တယ်ဆိုရင်လဲ တစ်လ အနီးကပ် တက်လို့ရအောင် လုပ်ပေးပါဆိုပြီး (အဆင့်မြင့်ပညာ) ညွှန်ချုပ်ကို ဖုန်းနဲ့ပြော ထားတယ်”ဟု ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာရီရီရွှေက ဆိုသည်။

ယင်းကဲ့သို့ သဘောထားမှတ်ချက် ပေးထားပြီးဖြစ်သဖြင့် ပညာရေးဝန်ကြီး ဌာနက အဝေးသင်နှစ်ကြိမ်ခွဲတက်ရမည့် ကိစ္စ ဆက်လက် အကောင်အထည်ဖော် လာပါက ဆန္ဒပြ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဝေးသင်ကျောင်းသား ကိုယ်စားလှယ် ကိုမျိုးထွေးက ပြောသည်။

ထားဝယ်ဒေသသည် ကမ်းရိုးတန်း ဒေသနှင့် နယ်စပ်ဒေသဖြစ်သည့်အတွက် အဝေးသင်ကျောင်းသားအများစုမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသူများဖြစ်ခြင်းကြောင့် ယင်းကျောင်းသားများအတွက် ခရီးစရိတ်နှင့် လုပ်ငန်းဆိုင်ရာ ခွင့်ရက်များ အတွက် အခက်အခဲများဖြစ်ပေါ်နိုင် ကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ၏ သဘောထားမှတ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထားဝယ်တက္ကသိုလ် ဒုတိယ ပါမောက္ခ ဒေါက်တာချိုချိုမြင့်ကမူ ထားဝယ် တက္ကသိုလ်တွင် အဝေးသင်နှစ်ကြိမ်ခွဲတက် ရန် စီစဉ်ထားခြင်းမရှိဟု ဆိုသည်။

“လတ်တလောတော့ အရင်တိုင်းပဲ တက်ရမှာ။ နှစ်ကြိမ်ခွဲတက်မှာကတော့ အခြားကျောင်းတွေအားလုံးဖွင့်ရင် ဖွင့် မယ်။ အားလုံးက မဖွင့်ရင် မဖွင့်ဘူး”ဟု ဒေါက်တာချိုချိုမြင့်က ဆိုသည်။

ယခုပညာသင်နှစ် ထားဝယ် တက္ကသိုလ်တွင် အဝေးသင်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း နှစ်ထောင်ကျော် (၂၆၇၆)ဦး ရှိကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ကျော်သူစိုး