ထားဝယ်အမှိုက်ကန်ထွက် အော်ဂဲနစ်မြေဆွေး အသုံးပြုသူနည်းပါး

0
1032
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်အမှိုက်ကန်ရှိ ဟင်းသီးဟင်းရွက်အကြွင်းအကျန်များဖြင့် ထုတ်လုပ်ထားသည့် မြေဆီမြေဆွေးမှာ ထားဝယ်ဈေးကွက်တွင် အသုံးပြုသူနည်းနေသေးကြောင်း AA အမှတ်တံဆိပ် အော်ဂဲနစ် မြေဆွေးထုတ်လုပ်ရေးချရေးလုပ်ငန်း ထံမှ သိရသည်။

အမှိုက်အမျိုးအစားများကို ခွဲထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့် ထမင်းအကြွင်း အကျန်အမှိုက်များကို လွှစာမှုန့်၊ ဖွဲ၊ တင်လဲရည်၊ ဓာတုကင်းလွတ်သည့် အနံ့ ပျောက်ဆေးရည်တို့ဖြင့် အဆင့်ဆင့်ပြု လုပ်ရသည့် အော်ဂဲနစ်မြေဆွေးကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ထုတ်လုပ်နေကြောင်း အထက်ပါလုပ်ငန်းမှ အလုပ်ရုံ မန်နေဂျာ ဦးတင်သန်းက ပြောသည်။

“နယ်ဘက်ကတော့ လာလေ့လာတယ်။ ပြီးရင် ပြန်သွားတယ်။ ဈေးကွက် ရဖို့တစ်ခုတော့ လိုနေတာပေါ့။ ဒါကို အလကားပေးမယ်။ ပြောတဲ့ အတိုင်းစိုက် ပေးပါ။ ရလာတဲ့ အသီးကိုလည်း ပြန်ဝယ် ပါ့မယ်ဆိုတာတောင် လက်ခံမယ့်လူ မရှိဘူးဖြစ်နေတယ်”ဟု ဦးတင်သန်းက ဆိုသည်။

တောင်သူများမှာ ဓာတ်မြေသြဇာကိုသာ အသုံးပြုကြခြင်းကြောင့် အော်ဂဲနစ် မြေဆွေးကို စိတ်မ၀င်စားကြကြောင်း ၎င်းက ပြောသည်။

အော်ဂဲနစ်မြေဆွေးကို ရန်ကုန်တွင် ဓာတ်ခွဲစမ်းသပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

သီးနှံများကို အော်ဂဲနစ်မြေဆွေးဖြင့် စိုက်ပျိုးပါက ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များတွင် ဓာတုကင်းလွတ် ကာ ကျန်းမာရေးနှင့် ညီညွတ်သည့် သီးနှံများရရှိလာမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၊ ဓာတ်ဆားများကို သုံးစွဲခြင်း ကြောင့် ခန္ဓာကိုယ်အတွင်း ဓာတုဓာတ် ကြွင်းများလာပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။

အော်ဂဲနစ်မြေဆွေးဈေးကွက်ကို ဖော်ဆောင်ရန် ထုပ်ပိုးမှုအပိုင်းကို မြှင့်တင်ရန်လိုအပ်ပြီး ရရှိလာမည့် အကျိုး ကျေးဇူးများကို တောင်သူများအား အသိပညာပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ကနိုင်းဒါကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးအောင်ဝင်းကမူ လက်ရှိ အသုံးပြုနေသည့် ဓာတ်မြေသြဇာထက် ပိုမိုကောင်းမွန်ပါက ၀ယ်ယူသုံးစွဲမည်ဟု ဆိုသည်။

“အဲဒါပဲ ကောင်းတော့ အဲဒါပဲသုံး နေတာ၊ သဘာဝမြေသြဇာတော့ မသုံးဖူးဘူး”ဟု ဦးအောင်ဝင်းက ဆိုသည်။

မိုးမြင့်