ပြန်သိမ်းမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ပိုင်ခွင့်လျှောက်နိုင်သည့်ကိစ္စ လူထုအသံ

0
1420
ထားဝယ်ခရိုင်အတွင်း ပြန်လည်သိမ်းဆည်းထားသောမြေဧက

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးစီမံကိန်းများထံမှ ပြန်လည်သိမ်းယူထားသည့် မြေဧက သုံးသိန်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်သည်။

မြေပြင်အခြေအနေတွင် ယင်းမြေများလုပ်ပိုင်ခွင့် လျှောက်ထားချိန် ကြုံတွေ့ရသည့်အခြေအနေနှင့် မြေယာအရေးလှုပ်ရှားနေသူများ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

မပြင်အနေအထား မကြည့်ဘဲနဲ့ ကုမ္ပဏီက ဆွဲထားတဲ့မြေပုံပဲကြည့်ပြီးတော့ ဖြေရှင်းနေမယ်ဆိုရင် မဖြစ်နိုင်ဘူး

ကိုဂျွန်မောင်မောင်

တောင်သူများ၏ မြေယာအရေး ဆောင်ရွက်နေသူ

(တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု တားပလပ်ကျေးရွာ)

မြေပြန်လျှောက်မယ်လို့ စိတ်ကူးလိုက်ရင် တောင်သူထက် ဦးတဲ့သူတွေ တအားပဲ။ မြေယာ အထူးအဖွဲ့တွေ မြေယာနဲ့ သက်ဆိုင်တဲ့ ကော်မတီတွေ မြို့နယ်အလိုက်ဖွဲ့တယ်လို့ ပြောနေတာပဲ။ တိုင်းအလိုက် ခရိုင်အလိုက် ဖွဲ့နေကြတာပဲ မြေပြင်ကို ကွင်းမဆင်းဘဲ ရုံးမှာပဲ ဘုတ်ထိုင်လိုက်၊ တက်လာတဲ့ပြဿနာကို ရုံးကိုခေါ်လိုက်၊ ညှိနှိုင်းလိုက်၊ မြေပြင်အနေအထား မကြည့်ဘဲနဲ့ ကုမ္ပဏီက ဆွဲထားတဲ့ မြေပုံပဲကြည့်ပြီးတော့ ဖြေရှင်းနေမယ်ဆိုရင် မဖြစ်နိုင်ဘူး။

မြေယာ ကိစ္စတွေ ဖော်ဆောင်မယ်ဆိုရင် သက်ဆိုင်တဲ့အဖွဲ့အစည်း ကော်မတီတွေကို ဒေသအလိုက်ဖွဲ့တဲ့ အနေအထားမှာ ပြောရဆိုရတဲ့သူတွေပဲ စုပြီးဖွဲ့စည်းထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ လက်တွေ့ တကယ့်အခက်အခဲ ကြုံနေတဲ့ တောင်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ မပါဝင်ဘူး။ ကျွန်တော်တို့ ဒေသမှာ တောင်သူအယောက် တစ်ရာရှိတယ်။ အယောက်တစ်ရာကနေ ကိုယ်စားလှယ် နှစ်ဦးဖြစ်ဖြစ် သုံးဦးဖြစ်ဖြစ် အဖွဲ့အစည်းထဲမှာ ပါဝင်စေချင်တယ်၊ ပါဝင်မှပဲ အခက်အခဲတွေကို သိမယ်၊ ဒါမှလည်းပဲ စကားဝိုင်းမှာ ပြောလို့ရမယ်၊ လက်ရှိ ဒီမှာ သိန်းခွန်းကျေးရွာ အုပ်စုမှာဖြစ်ရင် သိန်းခွန်း အုပ်စုက လူတွေပါရမယ်။

မြို့ပေါ်မှာနေတဲ့သူက ကျေးရွာအုပ်စုရဲ့ ကိုယ်စားလှယ် မဖြစ်ရဘူး ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလုံးရွေးပြီး အခုလက်ရှိ ထွေအုပ်မှာ လုပ်နေတာမျိုး ဆယ်အိမ်မှူး၊ ရာအိမ်မှူး အားလုံးတက်လာပြီးမှာ မြို့နယ်က တောင်သူ ကိုယ်စားလှယ်တစ်ယောက် ပြန်ထိုင်ရမယ်၊ အခုက တစ်ခါတည်း ဗဟိုဦးစီးစနစ်မျိုးနဲ့ ဆွဲခန့်အဖွဲ့အစည်း ထဲထည့်၊ ဒီပုံစံမျိုးက မြေယာကိစ္စကို ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူး။      

ကျွန်တော်တို့ ဒေသမှာ တောင်သူအယောက် တစ်ရာရှိတယ်။ အယောက်တစ်ရာကနေ ကိုယ်စားလှယ် နှစ်ဦးဖြစ်ဖြစ် သုံးဦးဖြစ်ဖြစ် အဖွဲ့အစည်းထဲမှာ ပါဝင်စေချင်တယ်၊ ပါဝင်မှပဲ အခက်အခဲတွေကို သိမယ်၊ ဒါမှလည်းပဲ စကားဝိုင်းမှာ ပြောလို့ရမယ်၊ လက်ရှိ ဒီမှာ သိန်းခွန်းကျေးရွာ အုပ်စုမှာဖြစ်ရင် သိန်းခွန်း အုပ်စုက လူတွေပါရမယ်။ မြို့ပေါ်မှာနေတဲ့သူက ကျေးရွာအုပ်စုရဲ့ ကိုယ်စားလှယ် မဖြစ်ရဘူး ကျေးရွာအုပ်စု ကိုယ်စားလှယ်အားလုံးရွေးပြီး အခုလက်ရှိ ထွေအုပ်မှာ လုပ်နေတာမျိုး ဆယ်အိမ်မှူး၊ ရာအိမ်မှူး အားလုံးတက်လာပြီးမှာ မြို့နယ်က တောင်သူ ကိုယ်စားလှယ်တစ်ယောက် ပြန်ထိုင်ရမယ်၊ အခုက တစ်ခါတည်း ဗဟိုဦးစီးစနစ်မျိုးနဲ့ ဆွဲခန့်အဖွဲ့အစည်း ထဲထည့်၊ ဒီပုံစံမျိုးက မြေယာကိစ္စကို ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူး။      

ယခင်ဒီမြေတွေကို ရယူခဲ့စဉ်က သူတို့ပြောတဲ့မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေ ဟုတ်မဟုတ် အရင်ပြန်လည် စိစစ်ဖို့ လိုအပ်တယ်

ဦးမိုးသူအောင်

မြိတ်ခရိုင် တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ

သတ်မှတ်ကာလအတွင်း မစိုက်ပျိုးနိုင်လို့ ပြန်သိမ်းထားတဲ့ မြေတွေလို့ပြောတဲ့အပေါ် ယခင်ဒီမြေတွေကို ရယူခဲ့စဉ်က သူတို့ပြောတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေ ဟုတ်/မဟုတ် အရင်ပြန်လည်စိစစ်ဖို့  လိုအပ်တယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ စာရင်း ဇယားမြေပုံပေါ်မှာ မြေလွတ်၊ မြေလပ်တွေပဲလို့ ဖော်ပြထားတိုင်း အောက်ခြေမြေပြင်မှာ မြေလွတ်၊ မြေလပ် မဟုတ်ဘူးဆိုတာ ပထမသိထားဖို့ လိုလိမ့်မယ်၊  အခက် အခဲတွေကြုံရင် ပြောပါလို့ပြောတဲ့ အဆင့်နဲ့မပြီးဘူး။ အောက်ခြေက လူထုတွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့လည်း လိုအပ်တယ်။ ပေးကာပေး၏ မရဆိုတာက မြေကို အမှန်တကယ်လိုအပ်နေတဲ့ တောင်သူတွေအတွက် ကတော့ ဟုတ်မှာပါ။

နောက်ဆုံးမှာ ဒီမြေတွေဟာ ခရိုနီတွေရဲ့ လက်ထဲကိုပဲ ပြန်ရောက်သွားမဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။ မြေယာခွဲဝေမှုလို့ ပြောရမယ့် အနေအထား မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာမြေယာကို အမှီပြုပြီး တစ်ပိုင်တစ်နိုင်လုပ်ကိုင်စားသောက်မဲ့ အခြေခံလူတန်းစားတွေအတွက် စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်နေလို့ပဲ။ အစိုးရအနေနဲ့ တောင်သူတွေအတွက် ဈေးကွက် စီမံဖန်တီးပေးမှုဆိုတာ အရင်အစိုးရတွေရော အခုအစိုးရအနေနဲ့ရော လုပ်ဆောင်တာမျိုးတွေ မတွေ့ရဘူး။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတောင်သူတွေ စိုက်ပျိုးလို့ရရှိလာတဲ့ သီးနှံတွေကို အစိုးရအနေနဲ့ ပြည်တွင်းပြည်ပဈေးကွက်တွေကို ဖန်တီးပေးဖို့ လိုအပ်တယ်။

တိုင်းနဲ့ပြည်နယ်အစိုးရတွေမှာ လုပ်ပိုင်ခွင့် အကန့်အသတ်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာထဲကနေ လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ နံပါတ်တစ် အနေနဲ့ ပြည်သူအပေါ်မှာ အမှန်တကယ် စေတနာရှိဖို့ လိုပါ တယ်။ နောက်တစ်ချက်က အဂတိကင်းရှင်းစွာနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဆိုတော့ အခုမြေပြန် လျှောက်ပါလို့ ပြောတဲ့ကိစ္စမှာ လုပ်ပိုင်ခွင့်ဘောင်ထဲ ကနေလည်းဖြစ် ပြည်သူတွေအတွက်လည်း အမှန်တကယ်အကျိုးရှိဖို့ဆိုရင် မြေပြင်မှာရှိနေတဲ့ အရှိတရား တစ်ခုကို မှန်မှန်ကန်ကန် သိအောင်လုပ် ဆောင်ပြီး တိုင်းအစိုးရအနေနဲ့ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ် လုပ်ဆောင်နိုင်မယ်။ လူထုအတွက်လည်း အကျိုးရှိသလို အစိုးရအပေါ်လည်း ပြည်သူယုံကြည်လေးစား လက်ခံ တဲ့ အစိုးရတစ်ရပ်ဖြစ်မှာပါ။

အောက်ခြေက အခြေအနေတွေကို မှန်မှန်ကန်ကန် သိရှိဖို့အတွက် အဲဒီဒေသအသီးသီးမှာ ရှိနေတဲ့ လူထု အကျိုး အမှန်တကယ်ဆောင်ရွက်နေတဲ့ လူပုဂ်္ဂိုလ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး ပေါင်း စပ်ညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုရင် အကောင်းမွန်ဆုံး အခြေအနေတစ်ခု ဖြစ်မယ်ဆိုတာပဲ ပြောချင်ပါတယ်။                     

သူတို့သိမ်းတယ်ဆိုတဲ့မြေက ကိန်းဂဏန်းအရတော့ ဟုတ်တယ်။ တကယ့်မြေပြင်မှာ မြေကမရှိဘူး

ဦးရဲမြင့်ဆွေ

(တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီမြို့နယ်)

တစ်ပိုင်းကတော့ ဒါ(ပြန်လျှောက်နိုင်တာ)နဲ့ ပတ်သက်ပြီး ပြည်သူလူထုသိတာ အားနည်းနေသေး တယ်လို့ ထင်တယ်။ ဒါကို ဒေသခံတောင်သူတွေ သိအောင် မြို့နယ်မှာရှိတဲ့ ကြေးတိုင်နဲ့ မြေစာရင်းဌာနက နည်း လမ်းပေါင်းစုံနဲ့ပေါ့နော် အသိပေးအကြောင်းကြားဖို့ လိုအပ်တယ်။ ဖိတ်ခေါ်ဖို့ လိုအပ်တယ်။ လာလျှောက် တဲ့အပေါ်မှာ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးလို့ ရရင်လည်း ရ၊ မရရင်လည်း မရဆိုတဲ့ဟာမျိုးကို ကြည် ကြည်ဖြူဖြူနဲ့ ခြေခြေမြစ်မြစ် တောင်သူတွေကို ရှင်းပြပေးဖို့ လိုတယ်။ တချို့နေရာတွေမှာ ပြည်သူ တွေကို မချေမငံ ပြန်ပြောတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်ပေါ့နော်။ ဒီလိုမျိုးတော့ ရှိနေတယ်။

နောက်တစ်ပိုင်းက အစိုးရ ပြန်သိမ်းလိုက်တဲ့ မြေဆိုပြီး တချို့နေရာတွေမှာ ကွင်းဆင်းကြည့်တဲ့အခါ ကျတော့ မြေပြင်မှာ ဒီမြေတွေက ပိုင်ရှင်ရှိပြီးသား (ဒေသခံတွေ ဓားမဦးချ စိုက်ပျိုးထားပြီးသား) ဖြစ်နေတယ်။ တရားဝင် အမည်ပေါက်တော့ မဟုတ်သေးဘူး၊ ကုမ္ပဏီက စိုက်ပျိုးခြင်း မရှိတဲ့မြေတွေကို ဒေသခံ တောင်သူတွေ ကနေပြီးတော့ ၀င်စိုက်ပြီးတော့ ဒီနေရာတွက် စာရင်းအရသာ မြေလပ်လို့ပြောတယ်၊ မြေပြင် မှာကျတော့ မြေလပ်တွေ မဟုတ်ဘူး။ ဒါပေမယ့် တစ်ခုကောင်းသွားတာက ကုမ္ပဏီက ပစ်ထားတဲ့မြေ ရွာသား ၀င်စိုက်လိုက်တော့ ရွာသားတွေရဲ့ အမည်ပေါက်တရားဝင် လျှောက်ထားခွင့်တော့ ရသွားတာပေါ့။

တကယ်တမ်းကျတော့ သူတို့သိမ်း တယ်ဆိုတဲ့ မြေက ကိန်းဂဏန်းအရတော့ ဟုတ်တယ်။ တကယ့် မြေပြင်မှာ မြေက မရှိဘူး။

နောက်တစ်ခုက ဒေသခံတောင်သူတွေက ဌာနဆိုင်ရာရုံးတွေမှာ တရားဝင် လာလျှောက်တာ နည်းနေ သေးတယ်။ လာလျှောက်တဲ့ ဒေသခံတော့ ရှိတယ်။ မြေစာရင်းဌာနမှာ လာလျှောက်တဲ့ တချို့ ကိစ္စတွေက (ဌာန၀န်ထမ်းတွေရဲ့) ဆက်ဆံရေးတွေ အဆင်မပြေဘူးဆို တဲ့ တိုင်ကြားလာမှုတွေ ရှိတယ်။ ဒီအပေါ်မှာ အစိုးရက အခြားစိတ်ကူးစိတ်သန်း၊ တခြားအစီအစဉ်တွေ ဘယ်လောက်ရှိသေးလဲဆိုတဲ့ဟာကိုတော့ မသိသေးဘူး။ လိုအပ်ချက်တော့ ရှိနေဆဲ ရှိသေးတယ်။

တချို့နေရာတွေမှာ ကြေညာထား တာတော့ ရှိတယ်၊ ကြေးတိုင်အမှတ် ဘယ်လောက်ဘယ်လောက်မှာ လျှောက်နိုင်တယ်ဆိုပြီး။ ပြီးခဲ့တဲ့ အသုတ်တုန်းက ကျွန်တော်တို့ ကွင်းဆင်းကြည့်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ တာဝန်ရှိ တဲ့ပုဂ်္ဂိုလ်တွေရော ကွင်းဆင်းကြည့်တဲ့ အခါကျတော့ မြေပြင်မှာ ခုနက ပြောတဲ့ ပြန်သိမ်းယူထားတယ်ဆိုတဲ့ မြေဆိုတဲ့ဟာက မြေလွတ်ကြီးတွေ၊ မြေလပ်ကြီးတွေ ရှိနေတာမျိုး မဟုတ်ဘူး။ တချို့နေရာတွေမှာ ဥယျာဉ်တွေတောင် ဖြစ်နေပြီ။

(ခွင့်ပြုမိန့် ချပေးပြီးရင်လည်း)အစိုးရအနေနဲ့ ဒီမြေအမျိုးအစားမှာတော့ ဘာစိုက်သင့်တယ်၊ ဘာစိုက်တာ အဆင်ပြေတယ်၊ ဘယ်မြေအမျိုးအစားမှာတော့ မွေးမြူရေးလုပ်တာ သင့်တော်တယ် ဆိုတာမျိုး အစိုးရက လမ်းညွှန်ပြသပေးမှု ချပေးနိုင်ရင် တော့ အဆင်ပြေတယ်၊ ပိုပြီးအကျိုးရှိမှာပေါ့။

(တိုင်းအစိုးရအနေနဲ့)အကောင်း ဆုံးကတော့ ပုံစံဟောင်းထဲကနေ ဖောက်ထွက်နိုင်ဖို့ လိုတာပေါ့၊ ကိုယ့်လုပ်ပိုင်ခွင့်ကို ခြေခြေမြစ်မြစ်လေ့လာပြီးတော့ ဒီအထဲကနေ ပြည်သူလူထုအတွက် အကောင်းဆုံး အကျိုးပြုနိုင်တာ ဘာရှိလဲပေါ့။ နောက်တစ်ခုက ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့လည်း ဆိုင်မှာပေါ့။      

ဒေသခံတွေက ကြားပဲ ကြားနေရတယ်။ ဘယ်နားမှာ မြေရှိမှန်းတောင် သူတို့ မသိရဘူး

ဦးထင်ကျော်

ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ကော့သောင်း)

ကျွန်တော်တို့ကတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ဒေသခံတွေကိုပဲ ဦးစားပေးရစေချင်တာပေါ့နော်။ ဒေသခံဆိုတာက လုပ်ငန်းရှင်တွေထက် တကယ် အိမ်မဲ့ရာမဲ့ဖြစ်နေတဲ့ဒေသခံတွေ၊ အရင်တုန်းကလည်း ဆီအုန်းတွေကနေပိုင်ပြီး ကိုယ့်ဒေသမှာ ကိုယ်နေပြီး ဟင်းသီးဟင်းရွက် စိုက်စားဖို့တောင် မြေတစ်ကွက်မရှိ ဘူးဗျာ။ တစ်ဖက်နိုင်ငံကနေ သီးနှံတွေ ၀ယ်စားရတယ်။ စိုက်ပျိုးနိုင်တဲ့ စွမ်းရည်ရှိရက်နဲ့ စိုက်ပျိုးမယ့် မြေမရှိလို့ တစ်ဖက် နိုင်ငံမှာ ၀ယ်ယူစားသုံးနေရတာမျိုး ဖြစ်နေတယ်။ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက်ရော ဒေသက လူတွေကို ဦးစားပေးပြီးမြေယာဖော်ထုတ်ပေးစေချင်တယ်။ ကော့သောင်းကနေ ဘုတ်ပြင်းအထိ တစ်လျှောက်လုံးမှာ လမ်းဘေးဝဲယာမှာ ဆီအုန်းစိုက်ထားတာတွေ ရှိတယ်။

အစိုးရက မြေချန်ထားတာတွေ ရှိသေးတယ်။ ဒီနေရာတွေမျိုးမှာ ဒေသခံအိုးမဲ့အိမ်မဲ့တွေကို ပေးလိုက်မယ်ဆိုရင် လမ်းရဲ့လုံခြုံရေးအတွက်ရော ဒေသခံတွေ အတွက်ရော အင်မတန် အကျိုးရှိမှာ။ လမ်းဘေးဘယ်ညာပေါ့။ တစ်ဘက်တစ်ချက်ဆီမှာပေါ့။ ဒေသခံတွေအနေနဲ့ သူတို့မှာက ကျယ်ကျယ်ပြန့်ပြန့် မြေဘယ်နေရာမှာ ရှိတယ်။ ဘယ်နှဧက ရှိတယ်။ ဘယ်လိုရှိတယ်ဆိုတာကို ဒီအချက်အလက်တွေကို ပြည်သူတွေ တရားဝင် သိအောင် အစိုးရကနေပြီးတော့ ဒေသဆိုင်ရာအချက်အလက် တွေအနေနဲ့ကို ကြေညာသင်ပုန်းတွေမှာတောင် ကပ်ပေးစေချင်တယ်။ ဒီလိုမှ မဟုတ်ရင် တစ်ခါတလေ ဒေသခံတွေက သွားလျှောက်မယ် ဆိုပြီးတော့ သွားတယ်။

ဒီနေရာတွေကိုက ဦးနေပြီ။ လုပ်ငန်းရှင်တွေကပဲ ဦးနေ တာတို့၊ ကုမ်္ပဏီတွေကပဲ ပြန်ဦးနေတာတို့၊ ပြီးရင် နဂိုရှိရင်းစွဲ ကုမ္ပဏီတွေကိုပဲ တကယ်လို့ သူတို့လုပ်မယ် ဆိုရင် သူတို့ကိုအရင်ဦးစားပေး လုပ်ပေးမယ်ဆိုတာမျိုးတွေ ကျွန်တော်တို့ ကြားကြား နေရတယ်။ ဒေသခံတွေမှာ စိုက်စားပျိုးစားဖို့ နေရာမရှိတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကုန်တာပေါ့နော်။

ယိုးဒယား-မြန်မာအစပ်မှာ ဆီအုန်းခြံတွေက ပိုင်နေတဲ့ မြေတွေရှိတယ်။ တချို့နေရာတွေမှာဆိုရင် ထိုင်းဘက်က နေပြီးတောင်မှ ထိုင်းလုပ်ငန်းရှင်တွေဝင်လာပြီးတော့ ပါချန်မြစ်တစ်လျှောက်မှာပေါ့ ထိုင်းလုပ်ငန်းရှင်တွေ ၀င်လာပြီး မြန်မာဒေသခံတွေကို အလုပ်သမား အဖြစ်နဲ့ ပြန်ခိုင်းပြီး သူတို့က မြေပိုင်ရှင်တွေ ဖြစ်နေ တာတွေ ရှိတယ်။ တစ်ချိန်ကဆိုရင် ဆေးခြောက်တွေ ဘာတွေစိုက်တယ်။ တကယ်က ကိုယ့်နိုင်ငံသားတွေ ဒေသခံတွေပဲ ပိုင်ဆိုင်အောင် အစိုးရကနေပြီး ဒီနေရာ၊ ဒီနေရာတွေရှိ တယ်ဆိုပြီး ဒေသဆိုင်ရာအချက်အလက် အနေနဲ့ ကြေညာသင်ပုန်းမှာတောင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေရှိတဲ့နေရာတွေကို ကြေညာပေးပြီးရင် မြေမဲ့ယာမဲ့တွေကို ဦးစားပေးပြီးတော့ လျှောက်စေချင်တယ်ဗျ။ ဒီနေရာမှာ အစိုးရကတော့ စိစစ်ရမှာပေါ့ နော်။ စိစစ်တယ် ဆိုတာက နောက်ဆုံးကုမ္ပဏီတွေလက်ထဲပြန်ရောက်သွားတာမျိုး၊ ဒါမှမဟုတ်ရင်လည်းပဲ သူတို့ ဌာနဆိုင်ရာတွေရဲ့ ရင်းနှီးတဲ့သူတွေကပဲ ဒီမြေတွေကို ဘယ်နားမှာ ဘာရှိတယ်ဆိုတာ သိတဲ့သူတွေ ရသွားပြီး ဒေသခံတွေက ကြားပဲကြားနေရတယ်။ ဘယ်နားမှာ မြေရှိမှန်းတောင် သူတို့မသိရဘူး။ 

တစ်ဦးချင်းစီကို စိုက်ပျိုးမြေတွေကို ပြန်ပြီးဖော် ထုတ်ပေးပြီးရင် နည်းပညာနဲ့ စိုက်နိုင်အောင် အစိုးရကနေ ပြီး မတည်ရင်းနှီးငွေတွေ ထုတ်ပေးမယ်ဆိုရင် ဒေသခံ တွေ တစ်ဖက်နိုင်ငံသွားမလုပ်လည်း ရတယ်ဗျ။ ထိုင်းမှာ လည်း ကော်ဖီစိုက်မယ် ဘာစိုက်မယ်ဆိုရင် ဒီမြေကို စမ်းသပ်ပြီး သုတေသနပြုပေးတယ်။ ပြီးရင် နည်းပညာ အချက်အလက်တွေ ပေးတယ်။ ဒီမြေမှာ ဘာစိုက်သင့်တယ်။ ဘယ်လိုမျိုး စိုက်သင့် တယ်ဆိုပြီး။ ဆိုတော့ ဒေသခံတွေအနေနဲ့လည်း စိုက်ရတဲ့အချိန်မှာ အခက်အခဲ မရှိ ဘူးပေါ့နော်။ သူတို့က ပြီးရင် ဖြစ်ထွန်းလာတဲ့သီးနှံ တွေကိုသူတို့က ပြန်ဝယ်ပေးတယ်ဗျ။

တကယ်ကတော့ အုပ်ချုပ်သူတွေ အနေနဲ့ စေတနာပါရမယ်ပေါ့နော်။ ပြည်သူကို မျက်နှာမူတာနဲ့ ပြည်သူတွေရဲ့ စီးပွားရေး လုပ်ငန်းကို ဒေသခံတွေ အကျိုးစီးပွားကို လုပ်တဲ့နေရာမှာ ပြည်သူကို မျက်နှာမူမှုတွေမှာ ထိုင်းနဲ့စာရင် အားနည်းနေသေးတယ်။ ပြည်သူ ကိုမျက်နှာမူပြီး ပြည်သူကို အခြေခံတဲ့ စီးပွားရေးတွေကို ဦးတည်ဖို့လိုတယ်။

ကော့သောင်းဘုတ်ပြင်းလမ်းတစ် လျှောက်မှာရှိတဲ့ နေရာတွေမှာ လုံခြုံရေးရော၊ လမ်းပန်းဆက်သွယ်ရေး ရော အစစအရာရာ အတွက်ရော ပြီးတော့ ဒေသခံတွေရဲ့ အိုးမဲ့အိမ်မဲ့တွေရော နေရာရရှိလာအောင် လမ်း ဘယ်ညာမှာရှိတဲ့ မြေတွေကို ဒေသခံတွေအတွက် အိမ်ရာထူထောင်ရေးတို့၊ စိုက်ပျိုးရေးတို့ ဒါတွေကို အဓိကထားပြီး လုပ်စေချင်တယ်ဗျ။ ဒီတစ်လျှောက်လုံးမှာ လုပ်ပေးလိုက်မယ်ဆိုရင် လူထုလည်း တော်တော် လေး စိတ်ချမ်းသာသွားမယ်။ ဘုတ်ပြင်းမှာလည်း အိမ်ရာမရှိတဲ့သူတွေ ရှိမယ်။ ဆင်းရဲသားတွေလည်း ရှိမယ်။ ကော့သောင်းမှာလည်း ရှိမယ်။ ဒီဟာလေး ကို ပေးလိုက်မယ်ဆိုရင် မြေယာမရှိသူတွေ အိုးပိုင်အိမ်ပိုင် ဖြစ်သွားနိုင်တယ်။

သူဌေးနဲ့ ဆင်းရဲသား အပြိုင်လျှောက်ရင် ဆင်းရဲသားတွေက မရဘူး

ဒေါ်ရီရီထွေး

ထားဝယ်ခရိုင် လယ်သမားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး

လာလျှောက်နိုင်တယ်။ ပေးမယ်လို့ ပြောပေမယ့် သူတို့မှာ ဘာအစီအစဉ်မှ မရှိဘူး။ အမှန်တရားက ဘယ်သူလဲ။ မြေစာရင်းက ပြောတဲ့စကားကို အတည်ယူ မလား။ ပြည်သူလူထုထဲက ရသင့်ရထိုက်တဲ့ သူကို ပေးမလားဆိုတဲ့ အစီအစဉ်တစ်ခု သူတို့မှာ မရှိဘူး။ အဲဒါကြောင့် သူတို့ဘယ်လိုပဲ ပေးမယ်လို့ပြောပြော တကယ့်တကယ် ရတဲ့အခါမှာ ဘယ်သူ့စကားကို နားထောင်ပြီး ပေးမလဲ။ ဟို့တစ်နေ့က ဖိုးဖိုးကျောက်ကမ်းခြေမှာ သူဌေးက မြေတွေအားလုံးကို လျှောက်ပစ်လိုက်တယ်။ တကယ်ကတော့ ဆင်းရဲသားတွေ ကတော့ လက်ရှိကတော့ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်၊ ဆယ်နှစ်စသည်ဖြင့် လုပ်စားထားတဲ့သူတွေပေါ့။ အခုသူဌေး ၀င်လာတဲ့အချိန်မှာ သူဌေးက လျှောက်လိုက်တဲ့အချိန်မှာ သူတို့ဆင်းလာ စစ်တယ်၊ ကန့်ကွက် လိုက်တယ်။

ဘာဖြစ်လို့လဲဆို  သူဌေး လျှောက်လိုက် တာ ကိုယ့်ခြံတွေ အားလုံးပါသွားလို့။ သူတို့(အစိုးရ)မှာ  ဖောင်ဒေးရှင်း(အခြေခံစံ၊ စဉ်းစားချက်) တစ်ခုမရှိဘူး။ ဘယ်သူ့ စကားကို အတည်ယူပြီး ဒီသူဌေးကို ပေးမလဲ၊ ဆင်းရဲသားကို ပေးမလဲဆိုတာ။ သူတို့က နီးစပ်ရာ နီးစပ်ရာပြောတဲ့ စကားကိုပဲယူပြီး လုပ်တဲ့အခါ ကျတော့ အဖြေမှန်ကို မရဘူး။ ဆိုလိုတာက သူဌေး နဲ့ဆင်းရဲသား အပြိုင်လျှောက်ရင် ဆင်းရဲသားတွေက မရဘူး။

(တိုင်းအစိုးရအနေနဲ့) တကယ် လုပ်မယ်ဆို တကယ်ရတယ်။ ဖွဲ့စည်းပုံ ကြီးကိုပဲ ယိုးမယ်ဖွဲ့ပြီးတော့ လုပ်ရမယ့် ဟာတွေ တစ်ခုမှမလုပ်ဘူး။ ပြောချင်တာက ဖွဲ့စည်းပုံဥပဒေအရ လုပ်လို့မရတာတွေ ထားလိုက်၊ လုပ်လို့ရတဲ့ဟာတွေရော တကယ်လုပ်နေပြီလားပေါ့။ တကယ်မလုပ်လို့ ဖြစ်နေတဲ့ ပြဿနာ တွေပဲလေ။ လုပ်ပိုင်ခွင့်ရှိတဲ့အထဲကနေ ဖောက်ထွက်ပြီး လုပ်ရမယ်။ ပြည်သူလူထုတွေရဲ့ အသံကို အလေးထားပြီးတော့ ဖောက် ထွက်ပြီး လုပ်ရမယ့်ဟာတွေ လုပ်သင့်တယ်။ ကိုယ့်စိတ်မှာပဲ မူတည်ပါတယ်။               

ကိုယ့်တိုင်းထဲမှာ ဖြစ်နေတဲ့ ပြဿနာက ကိုယ့်လက်ထဲမှာ အရေးကြီး ဆုံးပဲလေ

စောချစ်ဝင်းထူး

ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာ ဒေသခံ

အစိုးရဘက်ကတော့ ပြန်သိမ်းမြေတွေ လျှောက် တာနဲ့ ပတ်သက်ပြီး အခက် အခဲရှိရင် လာပြောနိုင်တယ် ပြောထားတာပဲ။ ကျွန်တော်တို့ ဒီမြေကိစ်္စနဲ့ပတ်သတ်ပြီး တိုင်းအစိုးရနဲ့ သုံးကြိမ်လုံးလုံး သွားပြီးတော့ ညှိနှိုင်းခဲ့ တယ်။ (စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး) ဦးမြင့်စန်းဆီလည်း သွားခဲ့တယ်။ တိုင်းရင်းသားရေးရာ ၀န်ကြီးစောလုကာဆီလည်း ရောက်ခဲ့တယ်။ ဒါပေမယ့် သူတို့က ကွင်းဆင်းပြီးတော့ ပြီးသွားတာပဲ။ ဘာမှ အကောင်အထည် ပေါ်မလာသေးဘူး။ အထက်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ဘယ်အထက်ကို တင်ပြပေးမှာလဲတော့ မသိဘူး။

ကျွန်တော့် ရဲ့အမြင်ကတော့ ကုမ္ပဏီတွေကို တရားဝင် ဖြစ်အောင် ပြန်လုပ်ပေးနေ သလို ဖြစ်နေတယ်။ ဘယ်လိုဖြစ်လို့လဲဆိုတော့ သိမ်းထား တဲ့မြေတွေကို ဘယ်သူမဆို လျှောက်ပိုင်ခွင့်ရှိတယ်။ ကုမ္ပဏီတွေကလည်း ပြန်လျှောက် လို့ရတယ်။ အဲလို ဖြစ်လာတဲ့အတွက် အခု ကုမ္ပဏီတွေက သူတို့မြေ ဘယ်နှဧကလဲ ဆိုတာ တစ်ခါတည်းပြန်လျှောက်လိုက် ရော။ ကျွန်တော်တို့ဘက်မှာ အစိုးရက ပြန်သိမ်းလိုက် တာ ဧက ၁၂၀၀ လောက် ရှိတယ်။ အဲဒါကျွန်တော်တို့ ဒေသခံတွေ သွားလျှောက်တော့ မြေတိုင်းဦးစီးက ဒေသခံ တွေလျှောက်တဲ့မြေပုံတွေ ထပ်နေတယ်ဆို တာက လာသေးတယ်။ အဲလိုပြန်လျှောက် ဖို့အတွက် မြေပုံ ကြမ်းရေးဆွဲဖို့ ခွင့်ပြုချက် ယူရမယ်။ ခွင့်ပြုချက်မရရင် အဲဒီမြေထဲကို ဒေသခံတွေက နင်းပိုင်ခွင့်တောင် မရှိဘူးတဲ့။ တရားစွဲလို့ရတယ်တဲ့။ ကုမ္ပဏီတွေ ဘက်ကကျ တော့ အခုမီးရှို့လို့ မီးတွေလောင်တာ ကျွန်တော်တို့ ခြံတောင် ပါကုန်ပြီ။ အခုထိ အဲဒါတွေလည်း အရေးမယူ ဘူး။ ဘာမှလည်း အသံမကြားသေးဘူး။

ကုမ္ပဏီတွေက မလုပ်နိုင်လို့ ပြန်သိမ်းထားတဲ့ မြေတွေကို ဘာလို့သူတို့ကို  ပြန်လျှောက် ခိုင်းထားတာလဲ။ ကျွန်တော် ဖြစ်စေချင်တာကတော့ ပွင့်ပွင့်လင်းလင်း လုပ်ပြီးတော့ ဒေသခံတွေအတွက်ဆိုရင် ဒေသခံတွေ အတွက်ဆိုပြီး လုပ်စေချင်တယ်။ အခုက ဘယ်ကုမ္ပဏီက ဘယ်လောက် သိမ်းထားပါတယ်ဆိုပြီး နာမည်ပဲကြား ထားသေးတယ်။ သွားလျှောက်တာ လျှောက်လို့ မရသေးဘူး။ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ အစိုးရရော၊ ဒေသခံတွေရော ကုမ္ပဏီရော ပြဿနာတွေ ကြီးလာနိုင်တယ်။ ဘယ်လို ပြဿနာမျိုး လဲဆိုတော့ ကုမ္ပဏီတွေက သိမ်းထားတဲ့ မြေတွေမှာ ၀င်လုပ်နေကြပြီ၊ ဒေသခံတွေက ဘာမှလုပ်လို့ မရသေးဘူး။ အဲဒါမျိုးဆိုတော့ ဒေသခံတွေက ကြာကြာနေတော့ ဘယ်ခွင့် လွှတ်တော့မလဲ။ အဲတော့ ပြဿနာတွေက တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်လာနိုင်တယ်။

အစိုးရအနေနဲ့ ဒေသခံတွေကို မြေတွေလျှောက်ခွင့်ပေးသလို ဒေသထွက်သီးနှံတွေ ဈေးကွက်ရအောင်လည်း သေချာ လေ့လာပြီးတော့ လုပ်ဆောင်စေချင်တယ် ဆိုတာ။

တိုင်းအစိုးရမှာ ကန့်သတ်ချက် ရှိနေတယ် ဆိုတာတော့ ဟုတ်တယ်ဗျ။ ဒါပေမယ့် တိုင်းအစိုးရ အနေနဲ့လုပ်လို့ရတာတွေလည်း အများကြီးပဲဗျ။ ကိုယ့်တိုင်းထဲမှာ ဖြစ်နေတဲ့ပြဿနာက ကိုယ့်လက်ထဲမှာ အရေးကြီးဆုံးပဲလေ။ တိုင်းကနေပြီး မှန်မှန်ကန်ကန် တင်ပြနိုင်မှပဲ ဗဟိုကနေပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင် မှာလေ။ တိုင်းအနေနဲ့ မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ကလည်း တိုင်းအစိုးရအနေနဲ့ ပုံမှန်ကွင်းဆင်းဖို့ လိုတယ်။ အခုက ကွင်းမဆင်းဘဲနဲ့ မြို့နယ်အဆင့်လောက်ကနေ တင်ပြလိုက်တဲ့ ဟာတွေကို လက်မှတ်ထိုး ချပေးလိုက်တော့ အောက်က ဒေသခံတွေမှာ ပြဿနာအမျိုးမျိုး ဖြစ်တယ်လေ။ အဲဒါကြောင့် အစိုးရ ကိုယ်တိုင်ကွင်းဆင်း သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချ။ အခုက အောက်ခြေဌာနတွေက ကုမ္ပဏီကို ကာကွယ် ပေးနေတာတွေ  ဖြစ်နေကြတာ။ အစိုးရမှာ ပြင်ဆင်မှု အားနည်းတယ်။ လေ့လာမှုအားနည်းတယ် ပြောရမယ် ဆိုရင်။

အစိုးရအနေနဲ့ ပြန်သိမ်းထားတဲ့ မြေတွေအခြေ အနေကို ကွင်းဆင်းစစ်ဆေး။ ပြီးရင်ဒေသခံတွေနဲ့ နီးစပ်ရာရွာတွေမှာ ဆွေးနွေးပွဲတွေလုပ်။ ဌာနဆိုင်ရာ တွေကိုပါ အဲကိုဖိတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းချပြ။ အဲဒါမျိုးလိုချင်တယ်။    

လျှောက်ကြပါ၊ လျှောက်ကြပါလို့ ၀န်ကြီးကတော့ ပြောနေတယ် ဒါဟာအပြောသက်သက် ဖြစ်နေတယ်

ကိုမင်းခန့်

Mother Land Network

သတ်မှတ်ကာလအတွင်း မစိုက်ပျိုးနိုင်လို့ ပြန်သိမ်းထားတဲ့ မြေဧက ၃ သိန်းကျော် အပါအ၀င် ယခင်မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ပြန်လျှောက်ကြဖို့နဲ့ အခက် အခဲတွေ ကြုံရင်ပြောပါဆိုတော့ ဒါဟာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးအနေနဲ့ စကားကို လွယ်လွယ် ပြောလိုက်တာပဲလို့ ကျွန်တော်ထင်ပါတယ်။ သတ်မှတ်ကာလအတွင်း မစိုက်ပျိုးနိုင်လို့ သိမ်းထားတဲ့ မြေတွေကရော မှန်ရဲ့လား။၂၀၁၈၊ ဧပြီလ(၂၅)ရက် ရက်စွဲ ဖြင့်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဥပဒေနှင့်အညီ စိုက်ပျိုးခြင်းမရှိ၍ ပြန်လည်အပ်နှံစေခဲ့သည့် မြေများအား စိုက်ပျိုးရေး လုပ်ငန်း စိတ်ပါဝင်စားသော ဒေသနေ ပြည်သူများ၊ လုပ်ငန်းရှင်များ စိုက်ပျိုးလုပ်ကိုင် လိုပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် စုံစမ်းမေးမြန်း၍ ဥပဒေနှင့်အညီ လျှောက်ထားနိုင်ကြောင်း စာထုတ်ခဲ့ပေမယ့် ဘာမှထူးခြားလာတာ မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်အပ်နှံ စေခဲ့သည့်မြေလို့သာ ပြောထားတာ၊ အမှန်ရော အပ်ပြီးပြီလား။ တောင်သူတွေကရော အမှန်တကယ် လျှောက်ထားလို့ ရရဲ့လား။ အခုလည်း ပြန်သိမ်းထားတဲ့ မြေတွေကို စိုက်ပျိုးလုပ်ကိုင်ဖို့ လျှောက်ထားကြပါသာ ပြောနေတာ၊  ပြန်သိမ်းတဲ့မြေနေရာက ဘယ်နေရာ တိတိကျကျ သိဖို့ လိုသလို ပြန်အပ်သူကလည်း အမှန်တကယ် ပြန်အပ် ပြီလား။ မြေပြင်အမှန်ရောပြန်အပ်ရဲ့လားဆိုတာ တိကျသေချာတဲ့ အစီအစဉ်မရှိဘဲ ပြောနေတာလို့ ကျွန်တော် သုံးသပ်ပါတယ်။

လျှောက်ကြပါ၊ လျှောက်ကြပါလို့ ၀န်ကြီးကတော့ ပြောနေတယ်။ ဒါဟာ အပြောသက်သက် ဖြစ်နေတယ်။ ပေးကားပေး၏မရ ဆိုသလို တောင်သူတွေ ငွေကုန် လူပန်းပဲ ဖြစ်သွားကြတယ်။ သက်ဆိုင်ရာဌာနတွေ မှာလည်း ဆင်ခြေဆင်လက်က အဆင်သင့်။ ဒီအတိုင်းသာ ရှေ့ဆက်သွားနေရင် နိုင်ငံရေးရေချိန်၊ ဒီမိုကရေစီစံချိန်က မတိုးတက်ဘဲ အဆိုးဘက်ကို တွန်းပို့သလို ဖြစ်သွား လိမ့်မယ်လို့ ပြောချင်ပါတယ်။

မြေယာခွဲဝေမှုကို စီမံခန့်ခွဲတဲ့ အစီအစဉ်လို့ပြောလို့ ရပေမယ့် ယနေ့အထိ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ကဏ္ဍအစုံမှာ တိကျတဲ့ အစီအစဉ်နဲ့ ပြင်ဆင်မှုမျိုး မမြင် တွေ့ရသလို၊ စိုက်ပျိုးသီးနှံတွေအတွက် ဈေးကွက် ပြင်ဆင်ပေးထားတာမျိုးလည်း မရှိတာကြောင့် တိုင်းအစိုးရအနေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး၊ အခွင့်အရေးကာကွယ် ပေးရေးတွေကို ဦးစားပေး ဆောင်ရွက်သင့်တယ်။ လက်ရှိ မြေယာပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေး သင့်တယ်။

ကျွန်တော်တို့လို ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ် လိုလားရင်တော့ တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ပြည့်ပြည့်၀၀ လုပ်ဆောင်လို့ရသလို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့ အတွက် စနစ်ကျတဲ့ အစီအမံတွေ လိုအပ်ပါတယ်။ ပြည်သူတွေရဲ့အသံ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေရဲ့အသံတွေကိုလည်း နားထောင် တိုင်ပင်ပြီး လုပ်ပိုင်ခွင့်ဘောင်ထဲကနေ လုပ်လို့ရပါတယ်။ လူထုအကျိုးရှိအောင် လုပ်ပေးချင် တဲ့စိတ်သာ တကယ်ရှိရင်ပေါ့၊ လိုအပ်ရင် လိုအပ်သလို ပြည်ထောင်စုအဆင့်ကို တင်ပြပြီး ကူညီဆောင်ရွက် ပေးနိုင်တဲ့ အခြေအနေတွေ ရှိပြီးသားပါ။        

လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အသုံးချဖို့ လိုတယ်

ဖဒိုဝင်းခိုင်

KNU မြိတ် – ထားဝယ်ခရိုင် တပ်မဟာ ၄၊ ဆက်ဆံရေးရုံး တာဝန်ခံ

ကုမ္ပဏီတို့ရဲ့ ချထားတဲ့အစီအစဉ်တိုင်း ပြည့်မီအောင် သူတို့က မစိုက်ပျိုးနိုင်ဘူး၊ မဖြည့်ဆည်းနိုင်ဘူး၊ သို့သော် ငြားလည်း တိုင်းဒေသကြီးအစိုးရက ဘယ်လိုပုံစံမျိုး ပြန်သိမ်းပြီးတော့ ဘယ်လိုပုံစံမျိုးဆက်လက် အကောင် အထည်ဖော်လည်း မပြောတတ်ဘူး။ သိရသလောက် တော့ ကျေးဇူးတော်ရွာမှာတော့ ပြဿနာတွေတက် တာပဲ။ ဒီမြေယာနဲ့ ပတ်သက်တဲ့ဟာက ကုမ္ပဏီလည်း မလုပ်နိုင်ဘူး၊ ဒါပေမယ့် သူတို့လျှောက်ထားတဲ့ မြေဧက ထဲပါတယ်လို့တော့ တောင်ယာသွားခုတ်တော့ တရားစွဲ ခံရတာတွေ ရှိတယ်ဆိုတော့ လောလောဆယ်တော့ အစိုးရ ဘက်ခြမ်းကတော့ ကျွန်တော်တို့ကို တိုင်ပင်ညှိနှိုင်းတာတော့ မရှိဘူးပေါ့။

သူတို့ (အစိုးရ) ကလည်း လက်မနှေးဖို့ ပြောရမှာပေါ့၊ လုပ်ရမယ့်လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဖို့အတွက်ပေါ့၊ အခုက ဌာနဆိုင်ရာကို ပြန်ကြည့် ရင်လည်း အားနည်းချက်တွေ အတော်များများ ရှိတာပဲ။ သူတို့လူဦးရေ၊ နောက်လုပ်ငန်းပိုင်း အကောင်အထည် ဖော်မယ့်လူတွေကလည်း မရှိ။ တကယ်တမ်းလုပ်ဖို့ အတွက်ကလည်း အခက်အခဲ၊ နောက်လုပ်ထုံး လုပ်နည်း တွေကလည်း အမျိုးမျိုးပဲဆိုတော့ အဲဒါက လူထုအတွက်တော့ ထိခိုက်နစ်နာ မှုရှိတယ်ပေါ့။

ကျွန်တော့်အမြင်ကတော့ ဗဟိုကတော့  ချုပ်ကိုင်မှုက များပေမယ့်လည်း တိုင်းဒေသကြီး အစိုးရအနေနဲ့ ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုအထိ ရှိတယ်။ သို့သော် အဲဒီလုပ်ပိုင်ခွင့် အတိုင်းအတာအတိုင်း ပြည့်မီအောင် သူလုပ်နိုင်မယ်ဆိုရင်တောင် ပိုပြီးတော့ အဆင်ပြေ ချောမွေ့မယ်။ ပြီးတော့ နောက်တစ်ဆင့်မှာ ပဲ လိုအပ်ချက်အပေါ်မှာ ကျွန်တော် ထင်တာကတော့ အကုန်လုံးချုပ်ကိုင်မှာ မဟုတ်ပါဘူး။ ဖြေလျှော့မယ့် အပိုင်းကတော့ ရှိမှာပဲ၊ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို အပြည့် အ၀ အသုံးချဖို့ လိုတယ်။

တကယ်စေတနာရှိရင် အစိုးရက ကုမ္ပဏီတွေဆီက သိမ်းလိုက်ပြီဆိုရင် ပြည်သူတွေလက်ထဲကို တန်းထည့်ပေးရမှာ

ကိုစည်သူ

အတွင်းရေးမှူး၊ ဒို့မြေကွန်ရက်

တကယ်တမ်း ပြည်သူတွေလျှောက်ရင် အခက် အခဲတွေ့မှာ အမှန်ပဲ။ ရတော့ ရနိုင်တယ်။ လူတစ်ရာမှာ ဆယ်ရာခိုင်နှုန်းရရင် ရမယ်ပေါ့ဗျာ။ ၉၀ ရာခိုင်နှုန်း ကတော့ ကုမ်္ပဏီအတွက်ပဲလို့ မှတ်ချက်ပေးချင် တယ်။

တကယ်လျှောက်ရင်လည်း ကုမ္ပဏီတွေဝင်ဖို့ မစဉ်းစား ထားတဲ့နေရာ၊ ကုမ္ပဏီတွေ လက်လွှတ်ထားတဲ့နေရာတို့ လောက်ကိုသာ ရလေ့ရထရှိပြီးတော့ တောသူတောင် သားတွေ အမှန်တကယ် လုပ်ကိုင် နိုင်တဲ့နေရာတွေမှာ ကုမ္ပဏီတွေကသာ လျာထားရင် ကုမ္ပဏီတွေကိုသာ ဦးစားပေးတာ အမှန်တရားဗျ။

တကယ်စေတနာရှိရင် အစိုးရက ကုမ္ပဏီတွေဆီက သိမ်းလိုက်ပြီဆိုရင် ပြည်သူတွေလက်ထဲကို တန်းထည့်ပေးရမှာ။ မြေလွတ်မြေလပ်မြေရိုင်း(ဥပဒေ)နဲ့ ပြန်လျှောက်ပါလို့ ပြောလိုက်ကတည်းက လျှောက် လိုက်တာနဲ့ အဲဒါကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့ လက်ခံပြီးသား ဖြစ်သွားတယ်။ အဲလိုလက်ခံပြီးသား ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မြေ မဟုတ်ပါဘူးလို့ သဘောမှာ သွားသက်ရောက်သလိုမျိုး ဖြစ်တယ်။

တကယ်တမ်းပြောရင် အစိုးရရဲ့ စေတနာ မမှန်မှု၊ အစိုးရစေတနာမမှန်ဘူး ဆိုတာလည်း အခြားကြောင့် မဟုတ်ဘူး။ အစိုးရ နားမလည်တာ ဖြစ်ရင်ဖြစ်မယ်။ တကယ်က န၀တ စစ်အာဏာရှင်တွေ လုပ်ချင်တာ လုပ်ခဲ့တဲ့ ဥပဒေ ဖြစ်နေတာ။ အဲဒါကို အခုလက်ရှိအစိုးရ ပြန်ယူသုံးတော့ သူဟာ အဲဒီဥပဒေအတိုင်း ကျင့်သုံးတဲ့၊ အာဏာရှင်စနစ်ကို ပြန်အသက်သွင်းနေတာကြီး ပြန်ဖြစ်တာ။ မှတ်ချက်ပေးချင် တာက ပြည်သူလူထုကို တကယ်တမ်း အကျိုးမပြုဘူး။

တနင်္သာရီတိုင်းမှာ လျှောက်ပါလို့ သတင်းစာတွေ ထဲမှာ ဖတ်ရတယ်။ အဲဒါက ဒေသခံတွေအတွက် လွယ်ကူမယ့် ကိစ္စတော့ မဟုတ်ဘူး။ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ်။ ရရင်လည်း ခုနကလို ဆယ်ရာခိုင်နှုန်းလောက်ကလွဲ ရင်တော့၊ အရေးမကြီးတဲ့ ဆယ်ရာခိုင်နှုန်း လောက်သာရပြီး ကျန်တာက ကုမ္ပဏီ လုပ်ငန်းရှင်တွေကို ဦးစားပေးတာ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးချင်ပါတယ်ဗျ။

ပြည်သူလူထုကတော့ လျှောက်ချင်ရင် ဧက ၅၀ လောက်ထိ ရနိုင်တဲ့အနေအထားတော့ ရှိတယ်ပေါ့။ အဲဒီပေါ်မှာ(လျှောက်ပြီး၊ သီးနှံစိုက်ပျိုး/မွေးမြူရေးလုပ်ကိုင်ပြီး ထွက်ရှိလာမယ့် ကုန်ပစ္စည်းများအတွက်) ဈေးကွက်အာမခံချက်တော့ သူတို့ ပြဋ္ဌာန်း မထားဘူး။ ဘယ်လို ပံ့ပိုးပေးမယ်ဆိုတဲ့ အပိုင်းတွေကတော့ ထိုင်းတို့ ဘာတို့လိုလည်း မရှိဘူးပေါ့။ မရှိတဲ့အပြင် တခြားအာမခံချက်ရော ရှိလားဆိုရင် ဘာအာမခံချက်မှ မရှိတဲ့ဟာမျိုး။

ပြောထားတာလည်း မြေလွတ်မြေလပ် မြေရိုင်းဆို နှစ် ၃၀ ပဲပေါ့။ သူက အငှားသဘော ဖြစ်သွားတာကိုး။ တိုင်းရင်းသားတွေက မြေကို အပိုင်ကြီးလို နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြပေမယ့် မြေလွတ်၊ မြေရိုင်း(ဥပဒေအရ)က လုပ်ကိုင်ခွင့် သာလျှင် ဖြစ်တယ် ပေါ့နော်။ ခွင့်ပြုမိန့်ရလို့ ဖြစ်တဲ့အတွက် အချိန်တန် ရင်တော့ ပြန်သိမ်းယူမယ့်မြေဖြစ်တယ်။ ဘာမှအာမခံချက်လည်း မရှိဘူး။ အဲဒါက ပိုင်ဆိုင်မှု အာမခံချက် ပေါ့နော်။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေက လယ်ယာမြေ ဥပဒေနဲ့ သပ်သပ်စီ ဖြစ်နေတဲ့အတွက် လယ်ယာမြေ ဥပဒေမှာပါတဲ့ အခွင့်အရေးတွေလည်းရမှာ မဟုတ်ဘူးဗျ။

(တိုင်းနဲ့ပြည်နယ်အစိုးရတွေက) သူတို့လုပ်ပိုင်ခွင့် ဘောင်ထဲက နေပြီးတော့ မြေလွတ်မြေလပ်မြေရိုင်းတွေ ဖော်ထုတ်ရမယ်၊ ကုမ္ပဏီတွေကို လက်ခံကြိုဆိုရမယ် တဲ့ဟာတွေ အပေါ်မှာပဲ သူတို့ သွားတာများတယ်။ လူထုအတွက်တော့ ဘာမှမတွေ့ရဘူးဗျ။ မြေယာနဲ့ ပတ်သက်ပြီး သူတို့လုပ်ပေးတာ၊ ဒီ မြေလွတ်မြေလပ် မြေရိုင်းနဲ့ ပတ်သက်ပြီး ပြောတာပေါ့နော်။

နိုင်ငံတကာမှာလည်း မြေသိမ်းမှု တွေတော့ ရှိတယ်။ သို့သော်ငြားလည်း ခုလိုမျိုး လက်လွတ်စပယ် တော့ မဟုတ်ဘူး။ ပြည်သူလူထုတွေ ဘယ်လောက် ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ ကြည့်ရမယ်။ Win Winသီအိုရီပေါ့ဗျာ။ တိုင်းပြည် ၀င်ငွေလည်း ၀င်အောင် ပြည်သူလူထုလည်း ဒုက္ခမရောက်အောင်ဆိုတဲ့ ရှုထောင့်တွေနဲ့ တစ်ခြားနိုင်ငံတွေမှာတော့ ရှိလေ့ ရှိထ ရှိတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ဆိုးဝါးနေတဲ့ နိုင်ငံတွေလည်း ရှိတာပေါ့နော်။

နိုင်ငံတကာ ဥပမာနဲ့ ပြောရရင်တော့ ထိုင်းဆိုရင်တော့ လူထုကိုအာမခံချက် ပေးတယ်၊ လယ်သမားတွေ အတွက် ဈေးကွက်အာမခံချက် ပေးတဲ့ဟာမျိုးရှိတယ်။ ဆန်စပါးကအစ မရှုံးတဲ့နှုန်းနဲ့ ၀ယ်ပေးတာမျိုး ရှိတယ်။     

နောက်ဆုံး ဒီမြေယာပြဿနာတွေက ကြာလာရင်တော့ ဒီထက်ပိုပိုဆိုးဆိုးလာဖို့ပဲရှိတော့တာပေါ့”

ဦးစံငွေ

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု တာဝန်ယူမှုတာဝန်ခံမှုနှင့် အရပ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့

(MATA) တနင်္သာရီတိုင်းတာဝန်ခံ

ဒေသခံတွေက ဒီမြေတွေပြန်လျှောက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမသိကြဘူး။ အခုပြန်သိမ်းထားတဲ့မြေသုံးသိန်းကျော်ဆိုတာ ကျွန်တော်တို့ ဒေသခံ တွေက ဘာမှကို မသိကြဘူး။ နောက်တစ်ခုက ပြန်သိမ်း တယ်ဆိုတာ ပြောတယ်။ အဲဒီအပေါ်မှာ အထူးသဖြင့် ဘာတွေ့လဲဆိုတော့ ဘုတ်ပြင်းမြို့နယ်ထဲမှာဗျာ၊ ဘာတွေ ဖြစ်နေလဲဆိုတော့ ၂၀၁၆ – ၂၀၁၇ ကတည်းက မြေယာ ပြဿနာတွေက ဘာတွေရှုပ်နေလဲ ဆိုတော့ မြေစာရင်း နဲ့ ပိုက်ဆံရှိတဲ့သူတွေကို ပုံစံ(၇) ထုတ်ပေးထားတာ တောင် ရှိတယ်။ အဲဒါကိုပြန်ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ဘာသိရသလဲဆိုတော့ လက်ရှိပြန်သိမ်း တယ်လို့ပြောတယ်။ ပြန်သိမ်းတဲ့မြေတွေကလည်း ဘယ်သူတွေက လက်ဦးမှုယူထားသလဲ။ ပိုက်ဆံရှိတဲ့ သူဋ္ဌေးတွေ သူတို့(မြေစာရင်းနဲ့) ချိတ်ဆက်မှုရှိတဲ့လူတွေ၊ ရွာစကားနဲ့ပြောမယ်ဆိုရင် ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူကပဲ သိနေကြတယ်ဗျ။ ဒေသခံတွေက ပိုနေမြဲ ကျားနေမြဲပါပဲ။ အစိုးရအနေနဲ့ကလည်း ကွင်းထဲဆင်း ပြီး သွားပြောတာ လုံးဝမရှိသေးဘူး။ အဲဒါဘုတ်ပြင်းမြို့ နယ်ထဲမှာ ဖြစ်နေတာ။

နောက်ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတော့ နှစ်ခု ပြောဖို့ ရှိတာပေါ့။ တစ်ခုက လမ်းဘေးဝဲယာ မျက်စိ တစ်ဆုံး ကြည့်လို့ရတဲ့ နေရာတွေ အားလုံးပြောင်နေပြီ။ ဘာဖြစ်လို့ ပြောင်နေလဲဆိုတော့ များသောအားဖြင့် ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူတွေသည် လမ်းပေါ် နေရာတွေမှာပဲ ပုံစံ(၇) လျှောက်တာတွေ ရှိတယ်။ အဲတော့ ဒေသခံတွေက ဘာကိုသွားလျှောက်ရမှန်း ကို မသိတော့ဘူး။

နောက်တစ်ချက်က ဥပမာပေါ့ တိုင်းရင်းသားတွေ ရှိတဲ့နေရာမှာဆိုရင် KNUမှာဆိုလည်း သူတို့မှာ မြေယာမူဝါဒ ရှိတယ်။ အဲဒီ KNUတွေရှိတဲ့ဘက်မှာဆိုရင် ဒေသခံတွေက သူတို့ဘာသာ ငါ့မြေ ဘယ်လောက် ရှိတယ် သူတို့ဘာသာတိုင်းတယ်။ သူတို့ဘာသာယူ ကြတယ်။ အစိုးရဘက်ကို မတင်ကြတော့ဘူး။ ဆိုတော့ ဘာတွေဖြစ်နိုင်ဆိုတော့ နောက်ပိုင်း KNUနဲ့ မြန်မာ အစိုးရအကြား စကားပြောရနိုင်တာတွေ ရှိတယ်။ အစိုးရအနေနဲ့ကတော့ မင်းတို့ကို လျှောက်ခိုင်းထားတာပဲ မင်းတို့မှ လာမလျှောက်တာလို့ နောက်ပိုင်း ပြောလာ တာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ကျွန်တော်အမြင်ကို ပြောရမယ်ဆိုရင် အဓိကကတော့ ပိုက်ဆံရှိသောလူ တွေကပဲ မြေယာဦးမှုပြဿနာတွေပဲ လာတော့မှာပဲ။ ဒီမြေတွေက ငါတို့လျှောက်ထားပြီးသား၊ ငါတို့အစိုးရ ဆီမှာ ပြောထားပြီးသားတွေပဲ လာတော့မှာပဲ။ ဒီလို မြေယာဦးမှုပြဿနာ တွေလာပြီးရင် ဒေသခံတိုင်းရင်းသားတွေနဲ့ ပိုက်ဆံရှိတဲ့ လူတွေအကြား ပဋိပက္ခ တွေဖြစ်လာ နိုင်တာပေါ့။

ဘုတ်ပြင်းမြို့ နယ်မှာဆိုရင် လက်ရှိကို မြေယာလက်ဦးမှုတွေ စနေပြီ။ နောက်တစ်ခုက သစ်တောနဲ့ မြေစာရင်းဦးစီးဌာနတို့ ထိပ်တိုက်တွေ့တာ တွေဖြစ်လာနိုင်တယ်။ ဘာဖြစ်လို ဒီလို ဖြစ်လာနိုင်လဲဆိုတော့ မြေယာလက်ဦးမှု ယူထားတဲ့သူတွေက မြေတစ်ဧကထဲမှာ တစ်ပေပတ်လည်ရှိတဲ့အပင်တွေ မခုတ်ရဘူးဆိုပြီး သစ်တောကသတ်မှတ်ထားတာ ရှိတယ်။ အဲဒါတွေကို မြေယာလက်ဦးမှု ယူထားတဲ့ သူတွေက ခုတ်တယ်၊ မီးရှို့တယ်။ အဲတော့ သစ်တောနဲ့ လည်း ပြဿနာတက်လာနိုင်တယ်။ အဲဒါမျိုးတွေ ကျွန်တော် တို့ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့နေရ တယ်။

မြေယာခွဲဝေမှုဆိုတာကလည်း ကျယ်ပြန့်တယ် ခင်ဗျ။ တိုင်းရင်းသားဒေသမှာဆိုလို့ရှိရင် သူတို့သတ် မှတ်ထားပြီးသား မြေယာခွဲဝေမှုပုံစံရှိပြီးသား။ မြန်မာ အစိုးရနဲ့ KNUတို့အကြားရော ဘယ်လိုပုံစံမျိုးနဲ့ မြေယာခွဲဝေကြမလဲ ဆိုတာလည်း ရှင်းရှင်းလင်းလုပ်ဖို့ လိုလိမ့်မယ်။ နောက်တစ်ခုက ဒေသခံတွေရဲ့သီးနှံ တွေဈေးကွက်ရရှိရေးကလည်း အရေးကြီး ပါတယ်။ မြေယာနဲ့ပတ်သက်ပြီးတော့ ကောင်းမွန်သောစီမံခန့် ခွဲမှုရှိသော အစိုးရဆိုတာ မြေယာအပြိုင်လျှောက်ထားမှုကို ရှင်းအောင် အရင်ဆုံးလုပ်ရမယ်။ အခုဟာက စိုက်ရမယ့်မြေတောင် ဘယ်နားမှာရှိမှန်း မသိဘဲရှိနေတာ။

တိုင်းအစိုးရအနေနဲ့ လုပ်လို့ရတဲ့ ဘောင်ထဲကနေ ပြီး လုပ်လို့ရတဲ့နည်းလမ်း တစ်ခုကတော့ အစိုးရက ဘာလုပ်နေသလဲ။ ၀န်ကြီးဌာနကသွားချင်တဲ့လမ်း ကြောင်းကဘာလဲ မြေယာနဲ့ပတ်သက်ပြီးတော့ပေါ့၊ အဲဒါ တွေကို ဒေသခံတွေ သတင်းအချက်အလက် တိတိကျကျ ရောက်အောင်တော့ လုပ်ဖို့လိုလိမ့်မယ်။ အဲလိုသတင်း အချက်အလက်တွေရောက်အောင်မပို့နိုင်ဘူးဆိုရင် နောက်ဆုံး ဒီမြေယာပြဿနာတွေက ကြာလာရင်တော့ ဒီထက်ပိုပိုဆိုးဆိုးလာဖို့ပဲ ရှိတော့တာပေါ့။ ပိုပိုဆိုးလာ တယ်ဆိုတာက ပဋိပက္ခတွေဖြစ်လာမယ်။

ဒေသခံတွေက သူတို့ဘာသာ သူတို့ဓလေ့ထုံးတမ်းအတိုင်း လုပ်လာ ကြလိမ့်မယ်။ ဒီလိုဖြစ်လာရင် ဒေသခံတွေက မြေယာလုပ်ကိုင်ခွင့်အတွက် အစိုးရကို ခွင့်ပြုချက်တင် ရင်လည်းတင်မယ်၊ မတင်ရင်လည်းမတင်ဘူး။ အဲလိုပုံစံမျိုး ဖြစ်တော့မယ်။  နောက်တစ်ခုက တိုင်းရင်းသား ဒေသတွေမှာ မြေယာနဲ့ပတ်သက်ပြီးတော့ ဓလေ့ထုံးတမ်းတွေရှိ တယ်။ ၂၀၁၂ လယ် ယာမြေ ဥပဒေထဲမှာဆိုရင်တော့ ဓလေ့ထုံး တမ်းဆိုတာ မရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် တကယ့်မြေပြင်မှာက ရှိနေတယ်။ ဆိုတော့ တိုင်းအစိုးရ အနေနဲ့ ကိုယ့်ရဲ့ဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ဓလေ့ထုံး တမ်းတွေက ဘာတွေလဲဆိုတာ ထည့်သွင်းစဉ်းစားသင့် တယ်။ တိုင်းရင်းသားဒေသတွေမှာ သူတို့ ထိန်းသိမ်းတဲ့ သဘာဝနယ်မြေတွေကို အစိုးရနေနဲ့ထည့်သွင်းစဉ်းစားပြီး လုပ်မယ်ဆိုရင် ဘာပဲပြောပြော တိုင်းအစိုးရအနေနဲ့ ပြည်သူ့အသံကိုနားထောင်ပြီးလုပ်တဲ့ အစိုးရဆိုပြီး မြင်လာနိုင်တယ်။        

ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့၏ကောင်းမွန်သော သယံဇာတအုပ်ချုပ်မှု အစီအစဉ် 

(Good Natural Resource Governance Program) ဖြင့် ဖော်ပြသည်။

ထားဝယ်ခရိုင်အတွင်း ပြန်လည်သိမ်းဆည်းထားသောမြေဧက
မြိတ်ခရိုင်အတွင်း ပြန်လည်သိမ်းဆည်းထားသောမြေဧက
ကော့သောင်းခရိုင်အတွင်း ပြန်လည်သိမ်းဆည်းထားသည့်မြေဧက