စည်ပင်တွေကို အင်ဂျင်တပ်ပေးပါ

0
651

တိုင်းရေးပြည်ရေး၊ ရပ်ရေးရွာရေး ဆိုတာ ကုသိုလ်အလုပ်၊ ပရဟိတ အလုပ်လို့ ပြောကြတယ်။ တကယ်တော့ အဲဒီထက် ပိုနက်နဲပါတယ်။ ကုသိုလ်ဖြစ် အလှူအတန်း အလုပ်တွေမှာ ကိစ္စမရှိပေမဲ့ လူသိန်းသောင်း ချီသော ဘ၀ကို အလျော်အစားလုပ်ရတဲ့ တိုင်းပြည်၊ မြို့ရွာ စီမံခန့်ခွဲရေး ကိစ္စတွေဆို ပိုပြီးနက်နဲလာပါပြီ။

အခုတလော မြို့နယ်စည်ပင်သာယာရေး အလုပ်တွေမှာ အာရုံကျမိတော့ မြို့နယ် စည်ပင်သာသာရေး ကော်မတီဝင်အချို့ ဘယ်လို အလုပ်လုပ်နေလဲ စောကြောမိတယ်။

စနစ်တွေ ပြောင်းပြီးနောက်ပိုင်းမှာ မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌနဲ့ ကော်မတီ ၀င်တွေကို ရွေးကောက်တင်မြှောက်တဲ့ စနစ်နဲ့ သွားခဲ့တယ်။ (ရွေးကောက် တင်မြှောက်တဲ့ ပုံစံက လူသိပ်ပြီး မသိတာက တစ်ပိုင်းပေါ့လေ) တိုင်းဒေသကြီး စည်ပင် ဥပဒေကိုလည်း သီးခြားပြဋ္ဌာန်းပြီး အဲဒီ ဥပဒေကို အကောင်အထည်ဖော်ဖို့ ရွေးကောက်ခံတွေမှာ တာဝန်ရှိပါတယ်။

စည်ပင်ဥပဒေအရ လုပ်စရာတွေက များလှပါတယ်။ ဈေးတွေ၊ သားသတ်လိုင်စင်၊ အမှိုက်ကိစ်္စ၊ စည်ပင်သာယာ နယ်နိမိတ်ထဲ က လမ်းတံတား၊ အပန်းဖြေစခန်း အသေးလေး တွေကအစ စီမံခွင့်ရှိပါတယ်။ အမျိုးပေါင်း ၃၀ ကျော်ပါတယ်။

မြို့နယ် စီမံခန့်ခွဲရေး အလုပ်တွေ များလို့ မြို့နယ်စည်ပင်ဥက္ကဋ္ဌတွေကို မြို့နယ်ဝန်လို့တောင် တင်စားခေါ်နိုင်သူများ ဖြစ်ပါတယ်။ သူတို့လုပ်ရင်လုပ်သလောက် မြေပြင်မှာ အပြောင်းအလဲ မြင်ရမှာပါ။ ဥပမာ အမှိုက်ကိစ္စဆိုရင်ပဲ ကြည့်နိုင် ပါတယ်။

သူ့ဟာနဲ့သူ လုပ်သလောက်တော့ လုပ်နေကြပေမဲ့ ထူးထူးခြားခြားကြီး ဖောက်ထွက်ပြီး လုပ်နိုင်တဲ့ မြို့နယ် စည်ပင် ဥက္ကဋ္ဌတွေ၊ ကော်မတီဝင်တွေကတော့ လက်ချိုးရေလို့ ရနေပါတယ်။ ဒီလိုဖြစ်နေ တာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ် အကြောင်း ရင်းတွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာတစ်ခုကို စဉ်းစားမိတယ်။

အဲဒါကတော့ မြို့နယ်စည်ပင် ဥက္ကဋ္ဌ တွေ၊ ကော်မတီဝင်တွေ နောက်ပြန်လှည့် မကြည့်ဘဲ အလုပ်လုပ်နိုင်အောင် ဘယ်လို ထောက်ပံ့မှုတွေ ပေးထားလဲ။ လစာရိက္ခာ တွေ ပေးထားလဲ ဆိုတာပါ။

စုံစမ်းကြည့်လိုက်တော့ စည်ပင် ကော်မတီဥက္ကဋ္ဌနဲ့ကော်မတီဝင် အလုပ်တွေ ဟာ စေတနာ့ဝန်ထမ်းသက်သက် အလုပ် တွေ ဖြစ်နေတယ်။ လစာရိက္ခာ၊ ထောက်ပံ့မှု၊ အဆုံးအစွန်အားဖြင့် လမ်းစရိတ်၊ ဧည့်ခံ စရိတ်တောင် တရားဝင်ပေးထားတာ မရှိဘူး ဖြစ်နေတယ်။ အချို့သူတွေအတွက် ရုံးကနေ အလွတ်သဘော ထုတ်ပေးတာ၊ အလုပ်အတွက် ရုံးသုံးစရိတ်တွေကနေ ထုတ်ပြီး သုံးကြစွဲကြတာတွေ ရှိနိုင်ပေမဲ့ ဥပဒေအရ ခံစားခွင့် တရားဝင်ပေးထား တာမျိုး မရှိလှပါ။

တော်တော်များများက အိတ်စိုက်၊ စေတနာ့ဝန်ထမ်းနေရတာ များပါတယ်။ ဒီတော့ ပထမဆုံး ဖြစ်လာတာက စိတ်သွားတိုင်း ကိုယ်မပါတာပါပဲ။ နောက်မှာ မိသားစုက ရှိတယ်၊ ကိုယ့်စားဝတ်နေရေးက ရှိတယ်။ အဲဒီ အပြင်ကို စည်ပင်အလုပ် ကလည်း အိတ်စိုက်နေရသေးတယ်ဆိုရင် ရေရှည် ဘယ်ခံနိုင်မလဲ။

အချို့စည်ပင် ဥက္ကဋ္ဌတွေ၊ ကော်မတီဝင် တွေဆို ညည်းညူနေကြပြီ။ အချို့ကတော့ အရွေးခံရပြီး လစာမရလို့ မလုပ်နိုင်ဘူး ဆိုတာမျိုး ဆင်ခြေပေးနေကြတာကြားရ တယ်။ အချို့ကလည်း ဒီသက်တမ်းတော့ လုပ်လိုက်ဦးမယ်။ နောက်သက်တမ်း ဆိုရင်တော့ အိမ်စီးပွားရေးဘက်ပြန်လှည့်မှ ရမယ်ဆိုတာမျိုး ပြောနေကြတဲ့သူတွေ ရှိပါတယ်။

နိုင်ငံတည်ဆောက်ရေး ဆိုတာ တော်တတ် မှန်ကန်တဲ့သူတွေ ၀င်လုပ်မှ လမ်းကြောင်းမှန်ပေါ် ရောက်တာမျိုးပါ။

အခုက တော်တည့်မှန်ကန်သူတွေ၊ တတ်သိနားလည်သူတွေ ၀င်လုပ်ချင် တယ်ဆိုရင် ငွေရေးကြေးရေးလေး အခံရှိမှ၊ နောက်ခံ စီးပွားရေးလည်း တောင့်တင်းမှ၊ ဒါမှမဟုတ်ရင် နောက်ကြောင်းလှည့် ကြည့်စရာမလိုအောင် ထောက်ပံ့ပေးမယ့် မိသားစုရှိမှ ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီလိုဖြစ်မှ ၀င်လုပ်ဖို့လွယ်တယ်။ ဒီလိုမျိုး အခြေအနေက လူတိုင်းမှာ ရှိဖို့ မလွယ်ပါဘူး။

စည်ပင် ကော်မတီလို အရေးကြီးတဲ့ နေရာမျိုးမှာ တတ်သိနားလည်သူတွေ ၀င်လာဖို့လိုတယ်။ လုံးဝ အလုပ်မှာ ၂၄ နာရီ အချိန်ပြည့်အားထည့်ပြီး လုပ်နိုင်တဲ့သူတွေ ၀င်လာဖို့ လိုတယ်။ ဒီအလုပ်ဟာ ပညာသည် အလုပ် (ပရော်ဖက်ရှင်နယ်အလုပ်) ဆိုတာ နားလည်ဖို့ လိုပါတယ်။ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲတဲ့ မန်နေဂျာတောင် စီမံခန့်ခွဲရေး ပညာတတ်မှလေ။ မြို့နယ်တစ်ခုဆို ပိုအရေးကြီးပြီပေါ့။

ဒါကြောင့် ဒီလိုနေရာမျိုးမှာ စိတ်ပါဝင်စားတဲ့ ပညာသည်တွေ ၀င်လာဖို့ လစာခံစားခွင့်လောက်လောက်ငင နဲ့ ဆွဲဆောင်နိုင်ဖို့ လိုတယ်။ လာဘ်မစား လောက်တဲ့ ပမာဏ ဖြစ်ဖို့လည်း လိုတယ်။ နိုမို့ဆို စည်ပင်မှာ အကြီးစားလာဘ် နည်း နိုင်ပေမဲ့ လက်မှတ်ထိုးခ လက်ဖက်ရည်ဖိုး စနစ်က ဆက်ရှိနေနိုင်သေးတယ်။

တိုင်းရေးပြည်ရာ စီမံရေး ၀င်လုပ်မယ် ဆို စေတနာတစ်ခုတည်းနဲ့ မရ။ အခြား တစ်ဖက်ကလည်း တိုင်းပြည်အတွက် အနစ်နာ ခံသင့်တယ် ဆိုတဲ့ အမြင်မျိုးရှိပေမဲ့ လက်တွေ့ကျဖို့ လိုတယ်။ လူတွေကို ကျင့်ဝတ်သိက္ခာတစ်ခုတည်းနဲ့ ဆွဲဆောင်ရ ခက်တယ်။ လက်တွေ့ကျဖို့လည်း လိုသေးတယ်။

နိုင်ငံတည်ဆောက်ရေးဆိုတာ မခံ ချင်စိတ်တစ်ခုတည်း၊ မျိုးချစ်စိတ် တစ်ခုတည်း၊ စေတနာတစ်ခုတည်းနဲ့ မရတော့။ ပညာတတ်တွေ လိုလာပြီ။

နို့မို့ဆို ငယ်ငယ်က ပြဋ္ဌာန်းစာအုပ်တွေ မှာ ကြားဖူးနေကြအတိုင်း နယ်ချဲ့ အင်္ဂလိပ်တွေကို ရရာလက်နက်ဆွဲကိုင် ပြီးတော့ တိုက်လိုက်တာပဲ။ နောက်ဆုံး တော့ ဗြိတိသျှ ကျွန်ဖြစ်သွားတယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ရပ်ရွာမြို့ပြ စီမံအုပ်ချုပ်ရေးမှာ ရရာလက်နက်ဆွဲကိုင်ပြီး တိုက်မယ် ဆိုတာထက် လက်နက်ကောင်းကောင်း တီထွင်တတ်၊ တိုက်နည်းဗျူဟာလည်း သိ၊ တိုက်လည်း တိုက်နိုင်တဲ့ ပညာသည် တွေ လိုပါတယ်။

ပညာတတ်တွေကို ဆွဲဆောင်ဖို့ဆို တာ တိုင်းပြည်ချစ်ကြရင် ၀င်လုပ်ကြပါ ဆိုတာမျိုး တစ်ခုတည်းနဲ့ မရတော့ပါ။ တန်အောင် ပေးဖို့ လိုလာပြီ။ နောက်လှည့် ကြည့်စရာ မလိုအောင်ပေးဖို့ လိုလာပါပြီ။ ပေးရတာကိုပဲ မကြည့်ဘဲ ရလဒ်ကိုလည်း ကြည့်တဲ့ ရှုထောင့်မျိုး လိုနေပြီ။ ခပ်ကျယ် ကျယ် တွေးကြဖို့ လိုမယ်။

လူသိန်းသန်းချီသော ဘ၀တွေကို အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ စီမံခန့်ခွဲ ရေးပညာသည်တွေအတွက် တစ်လတစ်လ ကို လစာရိက္ခာ လေးငါးဆယ်သိန်းက တိုင်းဒေသကြီး တစ်ခုလုံးရဲ့ အသုံးစရိတ်၊ မလုပ်တတ်သူတွေ ၀င်လုပ်သွားလို့ ဆုံးရှုံး သွားတဲ့ အရင်းအမြစ်၊ မလုပ်မရှုပ်မပြုတ် လုပ်နေလို့ ဆုံးရှုံးသွားတဲ့ အရင်းအမြစ် တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မပြောပ လောက်ပါဘူး။

တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့နယ် ဆို စည်ပင်ဥက္ကဋ္ဌ ၁၀ ဦး၊ ကော်မတီဝင် ကလည်း ဆယ်ဂဏန်းဆိုတော့ စုစုပေါင်း လိုက်ရင် ဘာမှ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါ။ စည်ပင်ကော်မတီဝင်တွေ၊ ဥက္ကဋ္ဌတွေက လုပ်ရင် လုပ်သလောက် လွှတ်တော် ကိုယ်စားလှယ်တွေထက်တောင် အလုပ်များနိုင်တာမျိုးပါ။

သူတို့ဟာ တကယ့်ကို လူထုထဲက ကိစ္စတွေကို အကောင်အထည်ဖော်ရ တာမျိုးပါ။ ဈေးဆိုလည်းပါ၊ အမှိုက်ဆို လည်းပါ၊ လမ်းဆိုလည်းပါ ဆိုတာမျိုးပါ။

ဒါကြောင့် ဒီစည်ပင်အလုပ်ဟာ တော်တတ်မှန်ကန်သူတွေ ၀င်လုပ်နိုင်တဲ့ မက်လုံးမျိုးရှိတဲ့ အလုပ်နေရာဖြစ်ဖို့ လိုပါတယ်။ နို့မို့ဆို သူတို့အပြင်မှာ အခြား အလုပ်လုပ်ရင် ပိုပြီး စားလောက်မှာကိုး။

အချို့ကလည်း မေးခွန်းထုတ်နိုင် တယ်။ အစကတည်းက မသိဘူးလား။ အဲဒီတုန်းကတော့ ၀င်အရွေးခံပြီး ခုမှ ဘာလို့ ညည်းနေတာလဲ ဆိုပြီး။ ဒါပေမဲ့ သိတဲ့အတိုင်းလေ။ သွေးပူနေတုန်းကြတော့ ငါရအောင်လုပ်မယ်ဆိုတာမျိုး ရှိတာပေါ့။ တဖြည်းဖြည်းနဲ့ လုပ်ရင်းကိုင်ရင်း လုံးပါး ပါးလာတော့ ကြာလာတော့ အားလျော့ ချင်တာကြတော့ တာပါပဲ။

တစ်ဦးစ နှစ်ဦးစတော့ စိတ်လိုလက်ရ လုပ်နေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်စိတ် ပါသူတွေ၊ တကယ်လည်း တတ်သိနားလည် သူတွေ အုံလိုက်ကျင်းလိုက် ၀င်လာမှ သိသာတဲ့ အပြောင်းအလဲကို တစ်တိုင်း လုံးချီပြီး မြင်နိုင်မှာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စည်ပင်သာယာရေး လုပ်ငန်းဆိုတာ ပြည်ထောင်စု အစိုးရမျက်နှာကို ကြည့် စရာမလိုဘဲ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ တစ်ခုတည်းသောလုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးကို အပြည့် အသုံးချနိုင်ဖို့ လိုပါတယ်။

အဓိက တာဝန်ရှိတဲ့ စည်ပင်ဝန်ကြီး ကလည်း တွန်းဖို့ လိုပါတယ်။

လစာ မရလို့၊ ထောက်ပံ့ကြေးမရှိလို့ ဆိုတာဟာ ပေးစရာ ဆင်ခြေဖြစ်နေတယ်၊ မလုပ်မရှုပ်မပြုတ် နေဖို့ အကြောင်းပြချက် ဖြစ်နေတယ်ဆိုရင် မကောင်းပါဘူး။ အချို့ကလည်း ပြောနိုင်ပါတယ်။ ဒီလူတွေ လုပ်မှ မလုပ်တာ မပေးနိုင်ပါဘူးဆိုပြီး။ ဒါပေမဲ့ ဒီလိုသာ ပြောနေမယ်ဆို ကြက်ဥနဲ့ ကြက်မ ဇာတ်လမ်းလိုပဲ အဖြေတွေ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တန်အောင်ပေးပါ၊ တန် အောင်ခိုင်းပါ၊ မလုပ်နိုင်ရင်၊ မတတ်ရင် ထုတ်ပစ်ကြပါ အဲလို လုပ်ဖို့ လိုပါတယ်။ ပြောင်းလဲချိန် တန်ချင်ရင် ပြောင်းအောင် လုပ်ရပါတယ်။ မှေး နေလို့ မရပါဘူး။

အဲဒီ အတွက် သတ္တိလိုပါတယ်။

တစ်ခုကိုတော့ တည့်တည့်ပြောလို ပါတယ်။ စည်ပင်ဥက္ကဋ္ဌနဲ့ ကော်မတီဝင်တွေ ရာထူးဆိုတာ ဂုဏ်ထူးဆောင်ရာထူး မဟုတ်ပါဘူး။ ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး လူအရိုသေခံဖို့ ထားထားတဲ့ နေရာ မဟုတ်ပါဘူး။ ထိုင်ခုံမှာပဲ ထိုင်နေပြီး လာသမျှ လက်မှတ်ထိုးပေးနေရုံနဲ့ မရပါ ဘူး။

နေ့ညမပြတ် စီမံခန့်ခွဲနေရတဲ့ အလုပ် ဖြစ်ပါတယ်။

ဒါကြောင့် ပြန်ချုပ်ရရင် စည်ပင်တွေ အလုပ်ဖြစ်ဖို့၊ မြေပြင်မှာ တကယ့် အပြောင်းအလဲ မြင်ရဖို့ တန်အောင်ပေး လိုက်ပါ။ တန်အောင်လည်း ခိုင်းပါ။ ဒီလိုဆို လူတော်တွေလည်း မျက်စိကျတဲ့ အလုပ်ဖြစ်လာမယ်။ သူတို့ပါ အုံနဲ့ ကျင်းနဲ့ ပါလာရင် အပြောင်းအလဲ မြင်ရမယ်။

ဒီအတိုင်းဆိုရင်တော့ ငွေကုန်၊ လူပန်း နဲ့ ဘာမှ ပြောင်းမှာ မဟုတ်ပါ။

အင်ဂျင်မတပ်ဘဲမောင်းချင်ရင်တော့ ဘယ်မှရောက်မှာ မဟုတ်ပါ။ ရရာအားနဲ့ တွန်းလို့ မရပါ။ ဒါကြောင့် စည်ပင်တွေကို အင်ဂျင်တပ်ပေးပါလို့ ပြောလိုပါတယ်။

ဗမောင်း