မြိတ်လျှပ်စစ်လုပ်ကိုင်ခွင့် ပြန်လည် ရုပ်သိမ်းရန် တိုင်းအစိုးရစီစဉ်

0
606

မြိတ်အများပိုင်ကော်ပိုရေးရှင်းအား ခွင့်ပြုထားသည့် မြိတ်မြို့နယ်အတွက် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအား လုပ်ကိုင်ခွင့်ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေကြောင်းတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လုပ်ကိုင်ခွင့်ရုပ်သိမ်းသည့်စာထုတ် ရန်စီစဉ်နေပြီး မြိတ်မြို့နယ်လျှပ်စစ်လုပ်ငန်း အတွက် တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်သူရက ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် မြိတ်မြို့နယ်တွင် မေလမှစ၍ လျှပ်စစ် တစ်ယူနစ်လျှင် ၂၆၀ ကျပ်ဖြင့် ဖြန့်ဖြူးရမည် ဖြစ်သော်လည်း ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည့်အပေါ် ဦးအောင်သူရက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စာချုပ်ထဲမှာပါတဲ့ အချက်အလက် အတိုင်း အရေးယူရမှာပေါ့” ဟု တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး ဦးအောင်သူရက ပြောသည်။

စာချုပ်စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမည်ဆိုပါက စပေါ်ငွေသိမ်းယူ ခြင်း၊ ကုမ္ပဏီအား Black List ကြေညာခြင်း မီးလင်းရေးအတွက် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား အစိုးထံအပ်နှံပေးခြင်း စသဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အရေးယူမယ့်အပိုင်းကိုကျတော့ အခုတရားဝင်ပြောလို့ မရသေးဘူး။ ဒါက အစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ရတာ။ တစ်ယောက်တည်း ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး”ဟု ဦးအောင်သူရက ဆိုသည်။

တင်ဒါကို မည်သည့်အချိန်တွင် ပြန်ခေါ်မည်ဆိုသည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

တင်ဒါအောင်သည့် ကုမ္ပဏီအား လုပ်ငန်းလွှဲအပ်မည့်အချိန်ထိ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို ဆက် လက် လုပ်ကိုင်စေမည့် အနေအထားဖြစ် သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြိတ်အများပိုင်ကော်ပို ရေးရှင်းနှင့် Golden Green Energy Company (GGE) တို့ ပူးပေါင်းထား သည့် မြိတ်စိမ်းလန်းစွမ်းအင် (Myeik Green Energy Power Generation and Distribution) ကုမ္ပဏီက ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိသည်။

တစ်ယူနစ် ကျပ်၂၆၀ နှုန်းမပေးနိုင် ခြင်းမှာ ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီ၏ ပျက်ကွက်မှုကြောင့်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်း၏ စီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါ အောင်မြင်ပြီးနောက် စာချုပ်ချုပ်ဆိုချိန် တွင် မြိတ်အများပိုင်က ဖြန့်ဖြူးရေးကဏ္ဍအတွက်လည်းကောင်း၊ ကိုရီးယားနိုင်ငံ အခြေစိုက် KHAN ကုမ္ပဏီက ထုတ်လုပ်ရေး ကဏ္ဍအတွက်လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ကြသည်ဟု ဦးမျိုးအောင်က ဆို သည်။

ယင်းသို့ သတ်မှတ်ကာလတွင် သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် လျှပ်စစ် မဖြန့်ဖြူးနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တိုင်းအစိုးရ၏ စီမံမှုကို လိုက်နာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စီမံတဲ့အတိုင်းပဲ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”ဟု ဦးမျိုးအောင်က ဆိုသည်။

မြိတ်အများပိုင်က တစ်ယူနစ်လျှင် ကျပ်၂၆၀ နှုန်းဖြင့် ဖြန့်ဖြူးမည်ဟုဆိုကာ တင်ဒါအောင်မြင်ခဲ့ခြင်းကြောင့် မြိတ် မြို့နယ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်နေသည့် မီးလင်းရေးအဖွဲ့ ၉ ဖွဲ့က ရပ်နားခဲ့ကြ သည်။

သို့သော် သတ်မှတ်ကာလတွင် တစ်ယူနစ် ၂၆၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မဖြန့် ဖြူး နိုင်ခြင်းနှင့်ပတ်သက်၍ ရပ်နားခဲ့သည့် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းအသိုင်းအ၀ိုင်း နှင့် မြို့ခံများအကြား ဝေဖန်မှုများ ရှိနေသည်။

“တင်ဒါပြန်ဆွဲဖို့လိုမယ်။ တင်ဒါခေါ် ရင် တစ်ယူနစ် ကျပ်၃၀၀ နဲ့ပေးမယ့် ကုမ္ပဏီ ရှိတယ်”ဟု ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင် တစ်ဦး ပြောသည်။

လက်ရှိတွင် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူး ပေးလျက်ရှိပြီး ဧပြီလအတွက် တစ်ယူနစ် လျှင်ကျပ် ၃၈၀ နှုန်းကျသင့်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တင်ဒါအောင်ထားသည့် ဈေးနှုန်း အတိုင်း မပေးသည့် ကုမ္ပဏီအား တိုင်းအစိုးရက မည်သို့ လုပ်ဆောင်မည်ဆို သည်ကို မကြားရသေးဟု တစ်လလျှင် မီတာခ နှစ်သိန်းနီးပါး ပေးသွင်းနေရသည့် မြိတ်တောင်နယ်မြေရှိ ၀ပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ပြည်သူတွေကတော့ ၂၆၀ ကိုမျော်လင့် နေတုန်းပဲ။ မီတာခက ဈေးနည်းလေး ကောင်းလေပဲ။ ဒါမှလည်း လုပ်ငန်း အတွက် ရေရှည်သွားနိုင်မယ်”ဟု ၎င်းက ဆိုသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ကိုးရီယားနိုင်ငံနှင့်ပူးပေါင်းကာ FO (ရေနံမဲ ပျော်ဝင်ဆီ) အသုံးပြု၍ လျှပ်စစ်ထုတ်လုပ် မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Dawei Watch