စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး ကိုယ့်ဆိုင်ကယ်ကိုယ် မီးပြန်ရှို့

0
664

ထားဝယ်မြို့၊ ပေါက်တိုင်းတံတား အနီးတွင် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးက ၎င်းင်းစီးနင်းလာသည့် ဆိုင်ကယ်ကို မီးရှို့ကာ ထွက်ပြေးသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၇ ရက်ည ၈ နာရီခန့်က ပေါက်တိုင်းတံတားရှိ ဂိတ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ကို ၎င်းကိုယ်တိုင် မီးရှို့ပြီး လယ်ကွင်းအတွင်းသို့ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် နေ အဆိုပါ အမျိုးသားကို ကူးတို့ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာ စိတ်ကျန်းမာရေးမကောင်းသူကဲ့သို့ ပြောဆိုနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

၎င်းတွင် လက်မောင်းတွင်လည်း ပြတ်ရှထားသည့် ဒဏ်ရာတစ်ချက်ကို တွေ့ရသည့်အတွက် ထားဝယ်ဆေးရုံကြီး သို့ တင်ပို့ကုသထားကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ယင်းနောက် အဆိုပါအမျိုးသား၏ မိခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူကို ခေါ်ယူမေး မြန်းရာ ၎င်းမှာစိတ်ဂယောင်ချောက်ချား ဖြစ်လေ့ရှိသည်ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

စိတ်ကျန်းမာရေးမကောင်းသည့် အထက်ပါ အမျိုးသားကို မိသားစုထံ ပြန်လည်အပ်နှံခဲ့ပြီး ၎င်းအား ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ကုသရန် စီစဉ်နေကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။                 

Dawei watch